၁၇. ၅. ၂၀၂၅
Translated by Thettant
အင်ဒိုနီးရှားရေတပ်မှ ကင်းလှည့်ရေယာဉ်တစ်စီးသည် ရီအိုးကျွန်းစုပြည်နယ်၊ တန်ဂျွန်ဘာလေးကာရီမွန်ကျွန်းစုမြို့အနီး ရေပြင်ကိုဖြတ်၍ တန်ချိန် ၂ တန်နီးပါးရှိ မူးယစ်ဆေးဝါးများအား တရားမဝင် မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းသည်ဟု သံသယရှိသော နိုင်ငံခြားသင်္ဘောတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့သည်။
အောင်တိုးတိုး – ၉၉ (Aungtoetoe 99) အမည်ရှိ အဆိုပါသင်္ဘောပေါ်တွင် ကိုကိန်း (cocaine) ၁ ဒသမ ၂ တန်ခန့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (Crystal meth) ၇၀၀ ကီလိုဂရမ်ခန့် သယ်ဆောင်လာကြောင်း သိရသည်။ ထိုင်းအလံလွှင့်ထူထားသည့် အောင်တိုးတိုး – ၉၉ သင်္ဘောကို ဗုဒ္ဓဟူးနေ့က ရေတပ်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း အင်ဒိုနီးရှားစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အဂ္ဂေါင်း ဆပ်တွာဒီ (Agung Saptoadi) က သောကြာနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောသည် ငါးဖမ်းလှေအဖြစ် ဟန်ဆောင်ထားပြီး မူးယစ်ဆေးဝါးများကို လက်ဖက်ခြောက်ထုပ်များအတွင်း ထည့်သွင်း၍ အိတ်များစွာဖြင့် ဖွက်ထားကြောင်းလည်း ဆပ်တွာဒီက ပြောသည်။
သင်္ဘောပေါ်ပါလာသည့် ထိုင်းနိုင်ငံသားကပ္ပတိန်တစ်ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦးတို့တွင် တရားဝင် ခရီးသွားလာခွင့်နှင့် ရေကြောင်းသွားလာခွင့် စာရွက်စာတမ်းများ မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
“ဒီအချက်တွေက အောင်တိုးတိုး – ၉၉ ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုမှုအတွက် အသုံးပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာကို အတည်ပြုလိုက်ပြီး အင်ဒိုနီးရှားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သလို အဆိုပါအမှုကို ဒေသတွင်း အကောက်ခွန်ရုံးက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုသည်။
သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ အနက် အမှတ်တံဆိပ်မျိုးစုံ လက်ကိုင်ဖုန်း ၅ လုံး၊ လက်ကိုင်ဖုန်း အားသွင်းကြိုး ၃ လုံး၊ ပါဝါဘဏ် ၁ လုံး၊ အောင်ကျော်ဦး အမည်ဖြင့် သက်သေခံကတ်ပြား ၂ ပြား၊ ပြုံးချိုအမည်ဖြင့် လဝက ကတ် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့နောက် ဆက်လက်စစ်ဆေးရန်နှင့် ရှာဖွေရန်အတွက် သင်္ဘောအား ရေတပ်ဆိပ်ခံသို့ ကနဦး ရွှေ့ပြောင်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ တင်းကျပ်သော မူးယစ်ဆေးဝါးဥပဒေများအရ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုများတွင် ပါဝင်သူများသည် ထောင်ဒဏ် ၅ နှစ်မှ သေဒဏ်အထိ ပြင်းထန်သော ပြစ်ဒဏ်များဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Ref, Xinhua & JaGa



