၁၇.၅.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မေလ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ ရုရှားနဲ့ယူကရိန်း နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ စစ်ပွဲအတွင်းနှစ်ဖက်သုံ့ပန်းတွေကို ဖလှယ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်ဖက်စလုံးက စစ်သုံ့ပန်း ၁,၀၀၀ စီကို အပြန်အလှန်လဲလှယ်ကြဖို့ သဘောတူညီချက်ရခဲ့တာဖြစ်ပြီး အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲမှုရဲ့ မျှော်မှန်းချက်တစ်ရပ်ကို တင်ပြခဲ့ကြပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတလက်ထောက် ဗလာဒီမာ မီဒင်းစကီးက နှစ်နာရီနီးပါးကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်း ပွဲရလဒ်ကို သူ့အနေနဲ့ အားရကျေနပ်ပြီး ရုရှားအစိုးရအနေနဲ့ ဆက်လက် ဆက်သွယ်ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံးက သုံ့ပန်း ၁,၀၀၀ စီ လဲလှယ်သွားကြမယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ယူကရိန်းဘက်က နှစ်ဖက်ခေါင်းဆောင်နှစ်ဦး ထိပ်တိုက်ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး ရုရှားကတော့ အကြံဉာဏ်ပြုချက်အနေနဲ့ လက်ခံခဲ့တယ်လို့ မီဒင်းစကီးက ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံးက ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေးတစ်ခုအတွက် သူတို့ရဲ့မျှော်မှန်းချက်ကို တင်ပြခဲ့ကြပြီး နှစ်ဖက်စလုံးက အသေးစိတ်ရှင်လင်းခဲ့ကြတယ်လို့ ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် ဒီမင်းစကီးက နှစ်ဖက်စလုံးက ဆက်လက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုသွားဖို့ အစီအစဉ်တွေရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။
ယူကရိန်းဘက်က ထုတ်ပြန်ချက်မှာလည်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်စတင် ယူမီရော့ဗ်က ယူကရိန်းနဲ့ ရုရှား သုံ့ပန်း ၁,၀၀၀ စီ လဲလှယ်ကြဖို့သဘောတူကြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သူက ဆွေးနွေးပွဲမှာ ယူကရိန်းဘက်က အပစ်အခတ်ရပ်စဲရေးကို အဓိက ဦးတည်ဆွေးနွေးခဲ့တာလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးမှုအတွက် ဆက်လက်လုပ်ဆောင်မယ့်အစီအစဉ်တွေကိုတော့ ယူမီ ရော့ဗ်က မပြောခဲ့ပါဘူး။
Ref- Tass News


