၁၅. ၅. ၂၀၂၅
Written by Nyein Kyaw





၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဧပြီလကုန်အထိ လေးနှစ်ကျော်အတွင်း PDF များ၏အကြမ်းဖက်လုပ်ရပ်ကြောင့် စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များကို ဗုံးဖောက်ခွဲခံရမှု အကြိမ် ၅၆၀၊ မီးရှိုးဖျက်ဆီးခံရမှု ၁၂၃ ကြိမ်၊ ပညာရေးဝန်ထမ်းများ ခြိမ်းခြောက်ခံရမှု ၄၄၉ ကြိမ်နှင့် သတ်ဖြတ်ခံရသူ ဆရာ/ဆရာမ ၇၇ ဦးအထိရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ လက်ရှိအချိန်အထိ PDF များ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် အဆောက်အအုံများ မည်မျှပျက်ဆီးဆုံးရှုံးခဲ့မှုများနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအား SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
SAC သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်အပြည့်အစုံမှာ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန်အထိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပညာရေးဆိုင်ရာ (စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်) ဗုံးဖောက်ခွဲခံရမှု ၅၆၀ ကြိမ်၊ မီးရှို့ဖျက်ဆီးခံရမှု ၁၂၃ ကြိမ်၊ ပညာရေး ဝန်ထမ်းများ ခြိမ်းခြောက်ခံရမှု ၄၄၉ ကြိမ်၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အကြမ်းဖက် သတ်ဖြတ်ခံရမှု ၇၇ ဦး ရှိကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခများကို အကြောင်းပြုပြီး NUG နှင့် ၎င်းတို့၏ လက်အောက်ခံ PDF များက စာသင်ကြားပေးသည့် စာသင်ကျောင်းများကို ဗုံးထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်အပြင် စာသင်ကြားသည့် ဆရာ/ဆရာမများကိုပါ သတ်ဖြတ်ခဲ့မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပညာသင်ကြားလိုသော ကျောင်းသားများအနေဖြင့် PDFတို့၏ ခြိမ်းခြောက်မှုများကြောင့် ကျောင်းမတက်နိုင်ဘဲ အထူးသဖြင့် ကလေးငယ်များ တက်ရောက်သည့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုကျဆင်းခဲ့ရသည်။
ထို့ကြောင့် အခြေခံကျောင်းများတွင် ကျောင်းအပ်လက်ခံမှုကို သတ်မှတ်ကာလများအပြင် ကျောင်းဖွင့်ချိန်အထိပါ ကျောင်းအပ်လက်ခံခဲ့မှုကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှသာ ပုံမှန်အတိုင်း ကျောင်းအပ်နှံမှုတိုးမြှင့်လာခဲ့ပြီး ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်းအထိ တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံသူ ၆ ဒသမ ၄ သန်းကျော်ရှိပြီး အပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းအထိ ကျောင်းတက်ရောက်ခဲ့သည်။
ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှစတင်၍ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည့်အတွက် အခြေခံပညာကျောင်းများ မေလ ၂၂ ရက်တွင် စတင်ကျောင်းအပ်လက်ခံမည်ဖြစ်သည်။
ပုံစာ။ လွိုင်ကော်တက္ကသိုလ်ကို ကယားလက်နက်ကိုင်များနှင့် PDF များ စီးနင်းဖျက်ဆီးကာ သတ်ဖြတ် ဖမ်းဆီးမှု ကျူးလွန်စဥ်ပုံရိပ်။