


၁၄.၅.၂၀၂၅
Written by Hey Mar
နေအိမ်မီးလောင်မှုကြောင့် စိတ်ကျန်းမာရေး မကောင်းသူလူငယ် မီးထဲ လောင်ကျွမ်းသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၁၄ ရက်နေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာရှိ နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
နေအိမ်မီးလောင်မှုကြောင့် အုတ်ခံ ပျဉ်ထောင် နှစ်ထပ်အိမ်တစ်လုံးရဲ့ အပေါ်တစ်ထပ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ရှင်တွေက စိုက်ပျိုးရေးခြံအတွင်း ညအိပ်သွားရောက်လုပ်ကိုင်နေချိန် နေအိမ်မှာ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးတည်း ကျန်ခဲ့ရာက အိမ်အပေါ်ထပ်မှာ နေထိုင်သူ အဆိုပါလူငယ်ပါ သေဆုံးခဲ့တာလို့လည်း သိရပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နဲ့အတူ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” မီးလောင်တဲ့ အိမ်ရှေ့ရောက်မှ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က အဲဒီအိမ်က လူငယ်ကို စိတ်ကျန်းမာရေးဆေးရုံ ရွာသာကြီးကို လိုက်ပို့ခိုင်းလို့ ပို့ပေးခဲ့ဖူးတဲ့ အိမ်ဖြစ်နေတယ်။ မီးငြှိမ်းပြီး အိမ်အပေါ်ကိုရှင်းလင်းရေးလုပ်မှ အိမ်ပေါ်မှာ လူသေဆုံးနေမှန်းသိတာ။ သေဆုံးလူငယ်က အဲဒီ စိတ်ကျန်းမာရေးဆေးရုံ ပို့ပေးဖူးတဲ့ လူငယ်မှန်းသိတာ ” လို့ MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ မီးလောင်မှုကို သံဖြူဇရပ်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ စေတနာရှင်လူမှုကယ်ဆယ်ရေး အသင်းတို့က သွားရောက်မီးငြိမ်းသတ်ခဲ့ပြီး သေဆုံးသူရုပ်အလောင်းကို သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။