၁၄.၅.၂၀၂၅
Written By Zun
လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက MT News ကို ပြောသည်။
အဆိုပါလေဆိပ်ကို ယခု မေလ မကုန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရန် လေယာဉ်ကွင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြကြောင်း ယင်းက ပြောသည်။
“တိုက်ပွဲတွေကြောင့် ပိတ်ထားခဲ့ရတာ။ ပြီးတော့ တခြားအဖွဲ့က အဲဒီနေရာမှာ စည်းမဲ့ကမ်းမဲ့တွေ နေထိုင်သွားတာတွေလည်း ရှိတော့ ညစ်ပတ်နေတာကြောင့် အခု သန့်ရှင်းရေးလုပ်နေပြီ။ သန့်ရှင်းရေးလုပ်တာက အဆောက်အအုံတွေကိုလည်း ဆေးသုတ်တာပါတယ်။အခုတော့ လုပ်နေဆဲကာလပါ။ မပြီးသေးပါဘူး။ ဒီလ တတိယပတ်လောက်တော့ ပြီးနိုင်ပါတယ်။ ဒါပေမဲ့ ဖွင့်တာကတော့ ဒီ မေလ မကုန်ခင် ဖွင့်နိုင်ဖို့ လုပ်နေပါတယ်”ဟု ယင်းကပြောသည်။
လေယာဉ်များပျံသန်းပြေးဆွဲမှုကို ယခင်ခရီးစဉ်များအတိုင်း လားရှိုး-ရန်ကုန်၊ လားရှိုး-တာချီလိတ်၊ လားရှိုး-မန္တလေး ခရီးစဉ်များကို ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။
၁၀၂၇ ဖြစ်စဉ်နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်က ကိုးကန့် – MNDAA က လားရှိုးမြို့ကို ထိန်းချုပ်ထားခဲ့ပြီး ယင်းကာလက လားရှိုးမြို့ရှိ အထင်ကရနေရာများတွင် ကိုးကန့်အလံများ လွှင့်ထူးခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလ ၂၁ ရက် မတိုင်မီကပင် အဆိုပါအလံများကို အားလုံးရုပ်သိမ်း၍ မြို့ပေါ်ကနေ နောက်ဆုတ် ထွက်ခွာခဲ့ရခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် လားရှိုးမြို့တွင် နစက အစိုးရတာဝန်ရှိသူများက မြို့ပေါ်အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်းလည်း သိရသလို တရုတ်ကိုးကန့် MNDAA က ကြံရွယ်ချက်ရှိရှိ ထောင်ဖွင့်ပြီး ရာဇဝတ်သားများ လွှတ်ပေးခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ရာဇဝတ်မှုများ နှိမ်နင်းနိုင်ရေး ကြိုးပမ်းနေရဆဲလည်း ဖြစ်သည်။ (Photo / Credit)
