
၁၃.၅.၂၀၂၅
Written by Hey Mar
YBS ယာဉ်လိုင်းတချို့ရဲ့ ယာဉ်ပိုင်ရှင်နဲ့ သူတို့ချိတ်ဆက်ထားတဲ့ အများပိုင်ကုမ္ပဏီကြားဖြစ်ပေါ်နေတဲ့ လွန်ဆွဲမှုတွေမှာ ယာဉ်လိုင်းပြေးဆွဲခွင့် ဂိတ်ထွက်ခွင့်ကို ကုမ္ပဏီဘက်က ပိတ်လိုက်တဲ့အတွက် ၆ ရက်ကြာ ယာဉ်ထွက်ခွင့်မရခဲ့ရာကနေ ဒီနေ့ မေလ ၁၃ ရက်နေ့ မနက်မှာ ခံဝန်ကတိနဲ့ ယာဉ်ပြန်လည်ပြေးဆွဲခွင့်ရရှိခဲ့တယ်လို့ YBS ၂၇ ယာဉ်လိုင်းမှ နေ့စားယာဉ်မောင်းတစ်ဦးက MT News ကို ပြောပါတယ် း။
ဂိတ်ကြေး ကျပ် ၁၃၂၀၀ ကို ကျပ် ၇၀၀၀ ပဲ ပေးလို့ဆိုကာ၊ ဂိတ်ထွက်ခွင့်ပိတ်ပြီး ယာဉ်မောင်းတွေဆီက YBS Smart Card ကို ယာဉ်လိုင်းရဲ့ အများပိုင်ကုမ္ပဏီက စည်းမျဉ်းစည်းကမ်းအရ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က သိမ်းလိုက်တဲ့အတွက် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံ- မင်္ဂလာဈေးကို ပြေးဆွဲနေတဲ့ YBS ၂၇ ယာဉ်လိုင်းက ယာဉ်အစီးရေ ၂၀ ကျော် လိုင်းပြေးဆွဲရခြင်းမရှိလို့ နေ့စားယာဉ်မောင်းတွေ စားဝတ်နေရေးအခက်အကြုံတွေ့ခဲ့ရတာပါ။
YBS ယာဉ်လိုင်းအမှတ် ၂၇ ကို ပြေးဆွဲနေတဲ့ အမည်မဖော်လိုသူ အသက် လေးဆယ်ဝန်းကျင် ယာဉ်မောင်းတစ်ဦးက “ကျွန်တော်တို့ကို လိုက်ခွင့်လေးတော့ ပြန်ရပြီ။ ခံဝန်လေးတော့ ထိုးခဲ့ရတာပေါ့။ ဂိတ်ကြေး ၁၃၂၀၀ အုံနာဘက်က ပြန်ပေးတယ်။ လိုက်ခွင့်က ဒီနေ့မှ စထွက်ရတာပေါ့။ ခံဝန်ထိုးတဲ့အခါ ကုမ္ပဏီတွေရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပါမယ်ဆိုပြီး ထိုးခဲ့ရတာပေါ့။ ကျန်တာ အုံနာက သူ့ဘာသာ ကုမ္ပဏီနဲ့ ဆက်ရှင်းမှာပေါ့။ ကျွန်တော်တို့ကိုလည်း YRTC က သေချာ ရှင်းပြပါတယ်။ ဒါက အုံနာနဲ့ ကုမ္ပဏီကြားက ပြဿနာဆိုတာကို။ ကျွန်တော်တို့ ခံဝန်ထိုးလို့လည်း အမဲစက်ကတော့ ဒီကုမ္ပဏီမှာတော့ ရှိမှာပေါ့။ ယာဉ်မောင်းသက်တမ်းမှာတော့ ပါသွားစရာမရှိပါဘူး” လို့ ပြောပါတယ်။


YBS ၂၇ ယာဉ်လိုင်းက အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Translink ကုမ္ပဏီရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာပါ။ အဆိုပါ အများပိုင်ကုမ္ပဏီရဲ့ လက်အောက်မှာ၂၇ ယာဉ်လိုင်း အပါအဝင် ၈၅ ၊ ၇၆ ၊ ၁၃၂ နဲ့ ၁၂၀ယာဉ်လိုင်း တွေရှိနေပြီး ယာဉ်အစီးရေ ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ယာဉ်လိုင်း ၂၇ က ယာဉ်အစီးရေပေါင်း ၃၆ စီးရှိပြီး နေ့စဉ် ယာဉ်အစီးရေ ၂၅ စီးနဲ့ ၂၇ စီးကြား ပြေးဆွဲနေကာ ဂိတ်ကြေး နေ့စဉ် ၁၃၂၀၀ ကျပ်နဲ့ ထွက်နေရာကနေ မေလ ၅ ရက်နေ့က ယာဉ်ပိုင်ရှင်တွေက ကျပ် ၇၀၀၀ သာ ပေးဆောင်ရာကနေ ကုမ္ပဏီဘက်က ယာဉ်လိုင်းဂိတ်ထွက်ခွင့် ပိတ်လိုက်တာပါ။
YBS ၂၇ ယာဉ်လိုင်းရဲ့ အခုလို ဂိတ်ကြေးလျှော့ပေးတာကနေ ယာဉ်မထွက်ရတာတွေအထိ ဖြစ်ပေါ်လာရတဲ့ အဓိက အရင်းမြစ်ကတော့ Translink အများပိုင်ကုမ္ပဏီရဲ့ မမျှတဲ့ တစ်ဖက်သတ်စာချုပ်ကြောင့်လို့လည်း ယာဉ်ပိုင်ရှင်တချို့က ပြောဆိုနေပြီး ယာဉ်ပိုင်ရှင်တွေအတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုကို ထိခိုက် ဆုံးရှုံးမှု ဖြစ်လာနိုင်မလားဆိုတဲ့ ပူပန်စိတ်နဲ့ စာချုပ်ကို မျှတမှုရှိရှိ ပြန်လည်ပြင်ဆင်ချင်တာမို့ ကုမ္ပဏီဘက်နဲ့ ညှိနှိုင်းအရေးဆိုနိုင်ဖို့အတွက် အခုလို ဆန္ဒထုတ် ဖော်တာမှာ ကိုယ့်ကားကိုယ် ကိုယ်တိုင်မောင်းနေတဲ့ ယာဉ်ပိုင်ရှင်အတွက်လည်း ဝင်ငွေထိခိုက်မှု ရှိခဲ့ပေမယ့် နေ့တွက်နဲ့ မောင်းနေတဲ့ ယာဉ်မောင်းတွေမှာတော့ အကြွေးတင်ကာ စားဝတ်နေရေး ခက်ခဲတဲ့အထိ ပြဿနာရှိခဲ့တာလို့လည်း ဆိုပါတယ်။
YBS ၂၇ယာဉ်လိုင်းမှ နေ့စားယာဉ်မောင်းက “ကျွန်တော်တို့ ဒီယာဉ်လိုင်းအဆင်မပြေလို့ တခြားယာဉ်လိုင်း တက်မောင်းလည်း ကုမ္ပဏီက ထွက်ဖို့ကို ကုမ္ပဏီက သတ်မှတ်ထားတဲ့ ကျပ်ငါးသောင်း ပေးဖို့ အရင်ရှာရဦးမှာ။ စဝင်တုန်းကလည်း စပေါ်ငွေ ကျပ်ငါးသိန်းကို ကုမ္ပဏီကို ၃ ခါခွဲပြီး သွင်းထားရတယ်။ ထွက်လို့လည်း စပေါ်က ငါးသိန်း အပြည့် ပြန်ရမှာမဟုတ်ဘူး။ ဒဏ်ကြေးတွေ ဆောင်ရတာရှိမယ်။ ယာဉ်စည်းကမ်းဖောက်ဖျက်ရင် ဥပမာ YRTC ဘက်က တစ်သောင်းဆို ဒီဘက် ကုမ္ပဏီမှာလည်း ထပ်ဆောင်ရတာမျိုးရှိတယ်။ အဲဒါမျိုးက လစဉ်ယာဉ်မောင်းတွေမှာ ၂ ခါ၊ ၃ ခါတော့ဆောင်နေရတာပဲ။ အဆင်မပြေကြပါဘူး “လို့ MT News ကို ဆက်သွယ်ပြောပြပါတယ်။