
၁၂. ၅. ၂၀၂၅
Written by Nyein Kyaw
ယခုနှစ်အကုန်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ၏ ထောက်ခံမှုများလည်းရရှိထား၍ ရွေးကောက်ပွဲဖြစ်မြောက်ရေး အခြေခံလိုအပ်ချက် ငြိမ်းချမ်းမှုရှိရေးအတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်ဝါဒများကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဝိုင်းဝန်းကူညီပံ့ပိုးပေးစေလိုကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိချိန် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ရုရှားခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်အားလုံးက လက်ခံအားပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ယခင်ကတည်းက တပ်မတော်၏ ဦးဆောင်မှုဖြင့် ရရှိခဲ့ပြီးဖြစ်ကာ မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်ကို ရယူခဲ့ရပြီး ယခုအချိန်တွင် မြန်မာပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ကို သတင်းကောင်းပါးလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဓိက ပထမဦးဆုံးအပိုင်း ပြောချင်တာကတော့ နိုင်ငံရေးပါတီတွေရဲ့ အပိုင်းပေါ့။ နိုင်ငံရေးပါတီတွေရဲ့ အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာရှိတယ်။ ပြီးရင် ပြည်သူလူထုကို အသိပေး၊ ပညာပေးရမှာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော့်အနေနဲ့ နံပါတ်တစ်ပြောလိုတယ်။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့ပြည်သူလူထုရဲ့ အပိုင်းပါ။ ပြည်သူလူထုရဲ့ အပိုင်းမှာ ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိတယ်လို့ပြောပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင် ငြိမ်းချမ်းစွာ တရားမျှတရေး ရွေးကောက်ပွဲကျင်းပနိုင်ဖို့က အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့တွင် ကျင်းပခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် မေလ ၇ ရက်က ရုရှားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး မေလ ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းအသီးသီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင်းဖိန်နှင့်ပါ သီးခြားတွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
