
၁၂. ၅. ၂၀၂၅
Translated by Thettant
သီရိလင်္ကာနိုင်ငံ၏ လက်ဖက်စိုက်ပျိုးရာ တောင်ကုန်းဒေသတွင် တနင်္ဂနွေနေ့က ဘုရားဖူးခရီးသွားများတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ပေ ၁၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျခဲ့ရာမှ လူ ၂၁ ဦး သေဆုံးပြီး အခြား ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် မြို့တော် ကိုလံဘို၏ အရှေ့ဘက် ၁၄၀ ကီလိုမီတာ (၈၆ မိုင်) ခန့်အကွာရှိ ကော့မာလီမြို့အနီး၊ သီရိလင်္ကာအလယ်ပိုင်း တောင်ထူထပ်သော ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗုဒ္ဓိက မာနာသုင်္ဂက အဆိုပါဖြစ်ရပ်တွင် လူ ၂၁ ဦး သေဆုံးခဲ့ပြီး အခြား ၃၅ ဦးက ဆေးရုံများတွင် ကုသမှု ခံယူနေကြောင်း ပြောကြားခဲ့သည်။





ဒေသခံ ရုပ်မြင်သံကြားက လုပ်သားများနှင့် အခြားသူများက ဒဏ်ရာရသူများကို အပျက်အစီးများကြားမှ ဖယ်ရှားနေစဉ် ချောက်ကမ်းပါးအောက်ခြေတွင် ဘတ်စ်ကား မှောက်လျက်အနေအထားဖြင့် ရှိနေသည်ကို ပြသခဲ့သည်။
ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေရသူများတွင် ပါဝင်သည်။ မတော်တဆမှု ဖြစ်ပွားချိန်တွင် လူ ၅၀ ကျော် ဘတ်စ်ကားပေါ်တွင် လိုက်ပါလာခဲ့သည်။
ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင်မှု သို့မဟုတ် ဘတ်စ်ကား၏ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဟုတ်မဟုတ်ကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း မာနာသုင်္ဂက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ဘုရားဖူးဘတ်စ်ကားကို အစိုးရပိုင် ဘတ်စ်ကား ကုမ္ပဏီတစ်ခုက ပြေးဆွဲနေခြင်းဖြစ်ပြီး ကာတာရာဂါမမြို့မှ ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) ခန့်အကွာ ကူရွန်နီဂါလမြို့သို့ ခရီးနှင်နေစဥ် အရှိန်လွန် ယာဥ်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် အထူးသဖြင့် တောင်ထူထပ်သော ဒေသများ၌ မဆင်မခြင် မောင်းနှင်မှုနှင့် ကောင်းစွာ ပြုပြင်ထိန်းသိမ်းမှု မရှိသော ကျဉ်းမြောင်းသည့် လမ်းများကြောင့် သေဆုံးမှုများ ဖြစ်ပွားလေ့ရှိသော ဘတ်စ်ကား မတော်တဆမှုများ အဖြစ်များလေ့ရှိသည်။
Ref, Khaosod & Aljazeera
