
၁၀. ၅. ၂၀၂၅
Written by Nay Moe
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို KNU နဲ့ PDF တွေဟာ မြို့သိမ်းလိုက်၊ မအောင်မြင်ဘဲ ထွက်ပြေးလိုက်၊ အိမ်တွေဖောက်ပြီး လုယက်လိုက် လေးငါးကြိမ်ထက်မနည်းလုပ်နေရာက အခုလည်း ကော့ကရိတ်နဲ့ ကျုံဒိုးပတ်လည်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြန်တဲ့ KNU နဲ့ PDF တွေက ဓမ္မစကူးဖွင့်လှစ်ပြီး တပ်မတော်စစ်ကြောင်းတည်းခိုမှု ခွင့်ပြုတဲ့ လှိုင်ကွယ်ကျောင်းထိုင်ဆရာတော်ကို ချောင်းမြောင်းပစ်ခတ်တာကြောင့် ဆရာတော်ပျံလွန်ခဲ့ရမှုဖြစ်စဉ် မနေ့က မေလ ၉ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မနေ့က မေလ ၉ ရက် နံနက်ပိုင်းမှာ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စု၊ လှိုင်ကွယ်ကျေးရွာအတွင်းက လှိုင်ကွယ်ကျောင်းတိုက်မှာ သက်တော် ၅၆ နှစ် ဝါတော် ၃၅ နှစ်အရွယ် လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သုဇာတဟာ တံမြက်စည်းလှည်းနေချိန် အဝေးတစ်နေရာကနေ ပစ်ခတ်တဲ့ ကျည်ထိမှန်ပြီး ဆရာတော်ပျံလွန်ခဲ့တာပါ။
“ဆရာတော်က ဓမ္မစကူးဖွင့်တာကိုလည်း PDF တွေက မကျေနပ်ဘူး။ တပ်မတော်စစ်ကြောင်းထိုးလာချိန် ဆရာတော့်ကျောင်းမှာ တည်းသွားတာလည်း မကြိုက်ဘူး။ ဒေသခံတွေက ဆရာတော့်ကို ကိုးကွယ်နေတာဆိုတော့ ပေါ်တင်လည်း လာမသတ်ရဲတော့ စနိုက်ပါနဲ့ ချောင်းပစ်သွားကြတဲ့ သဘောပဲ။ ကိုးတိုင်ဘက်မှာ တိုက်ပွဲဖြစ်တာရှိပေမဲ့ အဲဒီကကျည်က ဆရာတော့်ဆီ လာမှန်ရလောက်အောင် မနီးဘူး။ ရွာထဲမှာလည်း ဘယ်သူ့မှ မထိဘဲ ဆရာတော့်ကိုပဲ သက်သက်လုပ်ကြံတာပေါ့။ PDF တွေက သူတို့လုပ်တယ်။ အဲဒီတော့ ဓမ္မစကူးလည်းပျောက်သွား၊ စစ်ကြောင်းတွေလည်း ဝင်တည်းစရာပျောက်၊ တပ်ကိုလည်း လွှဲချလို့ရအောင် လုပ်သွားတာပေါ့။ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ကိုးတိုင်၊ လှိုင်ကွယ် အဲဒီနေရာတွေက KNU နဲ့ PDF တွေပဲ နယ်မြေသိပြီး သူတို့ပဲ ခြေချင်းလိမ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


