
၁၀. ၅. ၂၀၂၅
Written by Nay Moe
အလယ်တန်းပြဆရာမတစ်ဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် လက်နက်မဲ့ပြည်သူလေးဦးကို PDF များက တစ်နေ့တာအတွင်း သတ်ဖြတ်မှု မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရသည်။
PDF များ ကျူးလွန်သည့် သတ်ဖြတ်မှုဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ သမ္ဘရာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသီဟဇော်(၃၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အင်အား ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ရှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာအနောက်ဘက် တစ်ဖာလုံခန့်အကွာ ကံမ-ကျောက်စောင်း-ကျီးမီး-ကျောက်ပဒေါင်းသွား ကားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသီဟဇော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မေလ ၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကန်နီကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးခင်မောင်စိန်(၅၈)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ အခြေခံပညာ အလယ်တန်းကျောင်း(ကန်နီ)မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်ခင်မိုးသန်း (၆၁)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်စိန်နှင့် ဒေါ်ခင်မိုးသန်းတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကျူးလွန်မှုများအပြင် မေလ ၇ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်စုစုဟန်(၅၁)နှစ်သည် ၎င်း၏နေအိမ်တောင်ဘက် ပေ ၅၀ ခန့်အကွာရှိ အမှိုက်ပုံသို့ အမှိုက်ပစ်ရန်သွားရောက်စဉ် PDF ငါးဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်စုစုဟန်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။