


၉. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင်းဖိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် မေလ ၉ ရက် (ယနေ့) ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန် SAC ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖိန်တို့သည် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ SAC ဥက္ကဋ္ဌသည် တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖိန်အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၃၀ မှ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် SAC ဥက္ကဋ္ဌနှင့် တရုတ်သမ္မတရှီကျင်းဖိန်တို့သည် သီးခြားတွေ့ဆုံဆွေးခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိအတွင်း SAC ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖိန်တို့သည် ၆ ကြိမ်အထိ တွေ့ဆုံခဲ့မှုများရှိပြီး ယခုတွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။