◾️မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ပြောကြား



၉. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖိန်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာ အာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌက မိမိတို့မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူလူထုနှင့် ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှု အပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် SAC ဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။