
MT News
၈. ၅. ၂၀၂၅
လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းများကို “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူ”ဟု တံဆိပ်ကပ်ကာ တရားလက်လွတ် သတ်ဖြတ် လုယက်မှု ရာထောင်ချီ ကျူးလွန်နေကြသဖြင့် စစ်ရာဇဝတ်မှုကျူးလွန်သူများအဖြစ် နာမည်ပျက်လာနေသည့် NUG ဩဇာခံ ပသုံးလုံးများဖြစ်သော မြင်းခြံခရိုင် အမှတ် (၄) နှင့် အမှတ် (၁၀) တပ်ရင်းနှစ်ခုက ယခုလည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ကျောင်းသားကျောင်းသူများကို စာသင်ကြားပေးနေသော ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကအမျိုးသမီးကို ဖမ်းဆီးလိုက်သည်ဟု ယနေ့ ဝန်ခံလာသည်။
“စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေနိုင်သော လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသော ဦးအောင်ဆန်း (စီမံ ၊ ဘဏ္ဌ) ဌာနမူး ၊မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် ၏ဇနီး ဒေါ်ဝင်းဝင်းအောင် ၊ ကထိက ၊ သတ္တဗေဒဌာန ၊ ရန်ကုန်အဝေးသင် တက္ကသိုလ်အား မိထ္ထီလာနယ် တစ်နေရာတွင် မိမိတို့ မြင်းခြံခရိုင် အမှတ် (၄ – ၁၀)တပ်ရင်းမှ ဖမ်းဆီးရမိခဲ့သည်။ မိမိတို့ မြင်းခြံခရိုင် အမှတ် (၄ – ၁၀) တပ်ရင်းမှ လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်းချက်များအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။”ဟု မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းနှင့် မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းတို့က ဝန်ခံသည်။
NUG နှင့် PDF ထောက်ခံကာ ဆန္ဒပြသူများ၊ ငွေကြေးထောက်ပံ့သူများကို SAC ဘက်က ဖမ်းဆီးလျင်ပင် မတရားမှုဟု ဝေဖန်သူများက ကျောင်းသားကျောင်းသူများကို စာသင်ကြားမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒေါ်ဝင်းဝင်းအောင်ကို သတ်ဖြတ်ရန်လည်း မြင်းခြံ PDF တို့ ထုတ်ပြန်ချက်အောက် ရုန့်ရင်းစွာ တောင်းဆိုနေကြသည်။