



၈. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ မေလ ၇ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် State Academic Bolshoi Theatre သို့ ရောက်ရှိကြပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် “The Young Lady and The Hooligan” ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် State Academic Bolshoi Theatre သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများ၊ အထိမ်းအမှတ်ကပွဲသို့ လာရောက်ကြည့်ရှုကြသူများနှင့်အတူ ၁၉၄၁-၁၉၄၅ မဟာ မျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် “The Young Lady and The Hooligan” ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြခဲ့သည်။
ကပြဖျော်ဖြေမှုအပြီးတွင် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုပန်းခြင်းကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကဇာတ်ရုံမှတာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့ကြောင်း သိရပြီး အဆိုပါ State Academic Bolshoi Theatre သည် ကမ္ဘာ့အကျော်ကြားဆုံး ကဇာတ်ရုံများထဲမှ တစ်ခုဖြစ်ကာ ၁၉ ရာစုနှင့် ၂၀ ရာစုများအတွင်း Bolshoi ကဇာတ်ရုံသည် Tchaikovskyl Glinka နှင့် Mussorgsky တို့၏ လက်ရာများ ပထမဆုံး ဖျော်ဖြေခဲ့သည့် ရုရှား အော်ပရာနှင့် ဘဲလေးအနုပညာတို့၏ ယဉ်ကျေးမှု ဗဟိုအချက်အချာနေရာ ဖြစ်လာခဲ့ကြောင်း သိရသည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အကြီးစားပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ကာ သမိုင်းဝင် အဆောက်အဦ၏ အလှကို ပြန်လည်ထိန်းသိမ်းခဲ့ကြောင်း၊ ယနေ့အချိန်တွင် Bolshoi ကဇာတ်ရုံသည် ရုရှားယဉ်ကျေးမှု၏ သင်္ကေတတစ်ခုအဖြစ် ကမ္ဘာ့အဆင့်မီ အနုပညာဖျော်ဖြေမှုများကို ဆက်လက်တင်ဆက်လျက်ရှိကြောင်း သိရသည်။
