



၈. ၅. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဇနီးဒေါ်ကြူကြူလှသည် မေလ ၈ ရက် (ယနေ့) ဒေသစံတော်ချိန် မနက်ပိုင်းတွင် ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ မစ္စဗယ်လင်တီနာ မတ်ဗီယန်ကိုနှင့် ရုရှားနိုင်ငံဖက်ဒရယ်ကောင်စီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် SAC ဥက္ကဋ္ဌ၏ ဇနီးက ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌတို့သည် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးပွဲခဲ့ပြီးနောက် SAC ဥက္ကဋ္ဌ၏ ဇနီးနှင့် ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ မစ္စ အန်နာနက်စ်တယ်ရိုဗာနဲ့ ရုရှားနိုင်ငံဖက်ဒရယ်ကောင်စီရုံးတွင် တွေ့ဆုံဆွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး BRICS(ဘရစ်စ်) အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌနှင့် အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
