၈. ၅. ၂၀၂၅
Written by Nay Moe
NUG နှင့် PDF များအပေါ် ထောက်ခံနှစ်လိုမှုမရှိသည့် ပြည်သူများကို PDF များက အကြောင်းမဲ့သတ်ဖြတ်မှုများကြောင့် မေလ ၆ ရက် တစ်နေ့တာအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးအပါအဝင် လူ ၁၂ ဦးအထိ သေဆုံးခဲ့ရပြီး အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ကျူးလွန်မှုဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက် နံနက် ၃ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကန်တုတ်ကျေးရွာနေ ဦးနေယံပိုင်စိုး (ခ)မိုက်မိုက်(၃၇)နှစ်သည် ၎င်း၏ဇနီး ဒေါ်မြတ်မြတ်မွန်(၃၆)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုနေ့ မေလ ၆ ရက် နံနက် ၃ နာရီတွင်ပင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝါးရုံကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းမောင်(၆၃)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစန်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ရသည်။
ထို့အတူ မေလ ၆ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အိုင်းမကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးဝင်းဌေး(၆၂)နှစ်၊ အိုးဗြင်မဲကျေးရွာနေ ဦးဖိုးတင်(၅၅)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်မြသန်းအေး(၅၂)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး အိုးဗြင်မဲကျေးရွာ-အိုင်းမကျေးရွာ ဆက်သွယ်ထားသည့် မန်းချောင်းတံတားသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ တံတားထိပ်အရောက် ဦးဝင်းဌေးနှင့် ဦးဖိုးတင်တို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဒေါ်မြသန်းအေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ဦးဝင်းဌေးနှင့် ဦးဖိုးတင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိက သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မေ ၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ထူးကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင် (၆၆)နှစ်သည် ထူးချောင်းကျေးရွာမှ ထူးကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် ထူးချောင်းကျေးရွာနှင့် ထူးကုန်းကျေးရွာကြားလမ်းမပေါ်အရောက် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် လားရာတူနောက်မှ မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထိုဖြစ်ဉ်တွင် သတ်ဖြတ်သည့် PDF များမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအဖွဲ့ဖြစ်ကြောင်း MT News က သက်သေများဖြင့် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထိုသတ်ဖြတ်မှုများအပြင် မေလ ၆ ရက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်ကြားရပ်ကွက်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားသုံးဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ကိုစိုးပြည့်ထူး(၂၃)နှစ်၊ ကိုအာပေကော်(၂၂)နှစ်နှင့် ကိုဝင်းကိုဦး(၃၀)နှစ်တို့သည် ရပ်ကွက်အနီးရှိ တောင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကျူးလွန်မှုများအပြင် မေလ ၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားသုံးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၁)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရ (၅၀)နှစ်၊ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်နေသူများဖြစ်သည့် ဦးတင်ဇော်မိုး(ခ)ကုလား (၅၀)နှစ်နှင့် ဦးသန်းနိုင်(ခ)ဘွာကမ်း (၄၂)နှစ်တို့သည် အမှတ်(၂)ရပ်ကွက်ရှိ ဦးဆန်းဝင်း၏နေအိမ်၌ရှိနေစဉ် PDF သုံးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသုံးဦးကို သတ်ဖြတ်သည့်အဖွဲ့များမှာ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မြိတ်ခရိုင်ပကဖ ပူးပေါင်းအဖွဲ့တို့ဖြစ်ကြောင်း MT News က ကျူးလွန်သည့် PDF တို့၏ ဝန်ခံချက်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်သည်။





