၈. ၅. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁၄၂,၇၈၈ တန် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ တင်ပို့နိုင်ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲနှစ်မျိုးလုံး အများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိရာ နယ်စပ်လမ်းကြောင်းတွင် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်သည်။
MNDAA၊ AA၊ TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီး လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို စတင်တိုက်ခိုက်ချိန်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ် မူဆယ်-၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ယနေ့တိုင် ပိတ်ထားရခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်း တစ်ခုတည်းကသာ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း သိရပြီး ယခုဘဏ္ဍာနှစ်အစ ဧပြီလတွင် ပင်လယ်ရေကြောင်း တစ်ခုတည်းမှ ဆန်တင်ပို့မှု တန်ချိန် ၆၉,၁၉၄ တန်နှင့် ဆန်ကွဲတန်ချိန် ၇၃,၅၉၄ တန် တင်ပို့နိုင်ခဲ့သည်။
ဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး ယင်းနောက်တွင် ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန်နိုင်ငံတို့ကို အစဉ်လိုက် အများဆုံးတင်ပို့ထားကာ ဆန်ကွဲတင်ပို့မှုတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားပြီး ယင်းနောက်တွင် ဘယ်လ်ဂျီယံ၊ ယူကေ၊ စပိန်၊ အင်ဒိုနီးရှားနိုင်ငံတို့ကို အစဉ်လိုက် အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန် ၂ သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။


