၈.၅.၂၀၂၅
Written By Zun
အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့၍ ကျိုးသွားသည့် ရထားတံတား ပြန်လည်ပြုပြင်ပြီး၍ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ မေလ ၁၀ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူက MT News ကို ပြောသည်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းမှ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၁၂/၁၀-၁၁ ရှိ အရှည်ပေ ၆၀ ရှိသော ရထားတံတား အမှတ် (၆၅)အောက်တွင် အကြမ်းဖက်အဖွဲ့က မိုင်းထောင်ခဲ့ခြင်းကြောင့် ယင်းမိုင်းမှာ မေလ ၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့် ပေါက်ကွဲ၍ ရထားတံတား ထိခိုက်ပျက်စီးသွားသဖြင့် နှင်းပုလဲနှင့် တောင်စွန်းရထားလမ်းပိုင်းကို ယာယီပိတ်ထားရကာ မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီး တံတားကို ပြုပြင်ခဲ့ကြရသည်။
မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသော အမှတ်(၈၁) အဆန်/အမှတ်(၈၂)အစုန် လူ စီးရထားမျာကို ယာယီရပ်နားခဲ့ရပြီး လက်မှတ်ဝယ်ယူထားရှိသည့် ခရီးသည်များအား လက်မှတ်ခများ ပြန်ပေးခဲ့ရကြောင်းလည်း သိရသည်။
“လက်မှတ်ခတွေ ပြန်အမ်းခဲ့တယ်။ ဒီနေ့မှာတော့ လက်မှတ်တွေ ပြန်ရောင်းနေပါပြီ။ မေ ၁၀ ရက်နေ့ခရီးစဉ် စမယ်။ အကြိုလက်မှတ်ရောင်းတာပါ။အထက်တန်းရက်ကြို လက်မှတ်တွေကို မော်လမြိုင်ဘူတာကြီး ရက်ကြို လက်မှတ်ရုံမှာ အခုရောင်းပေးနေပြီ။ ရိုးရိုးတန်း ရက်ကြို လက်မှတ်တွေကိုတော့ မေလ ၉ ရက်နေ့မှာ ရောင်းပေးမယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူက MT News ကို ပြောသည်။
မေလ ၁၀ ရက်တွင် မော်လမြိုင်ဘူတာကြီးက အမှတ် (၈၂) အစုန် ရထားစတင် ထွက်ခွာမည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၈၁)ကြိမ်၊ ရထားတံတား-သံလမ်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း (၁၆) ကြိမ် ကျူးလွန်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။




