




၂၉.၇.၂၀၂၆
Written by Linn Eain
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ဇူလိုင် ၂၈ ရက်က ရှေးဟောင်းအဆောက်အအုံကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခဲ့ကြောင်း သိရသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာတန်ဖိုးမြင့်မားပြီး နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်သင့်သည့် နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အအုံများကို ဥပဒေ၊ နည်းဥပဒေအရ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ လေးခုကို ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်နိုင်ခဲ့ပြီး ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ရှေးဟောင်းအဆောက်အအုံ နှစ်ခုအပါအဝင် စုစုပေါင်း ရှေးဟောင်းအဆောက်အအုံ ခြောက်ခုကို ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်နိုင်ခဲ့ပြီဖြစ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းအဆောက် အအုံပေါင်း ၅၇၀၈ လုံးရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ ဥပဒေအရ နှစ် (၁၀၀) နှင့်အထက် သက်တမ်းရှိပြီး နိုင်ငံတော်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားရန်လိုအပ်သည့် အဆောက်အအုံများကို ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၃၉၇ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့်အတွက် ယခုဆိုလျှင် စုစုပေါင်း ၆၁၀၅ လုံး ရှိပြီဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများသည် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အောင် ဆွဲဆောင်နိုင်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ခမ်းနားထည်ဝါမှုစသည့် တန်ဖိုးများ မြင့်တက်စေကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့် တင်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ခြင်းသည် ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့၏ သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေမည့်အပြင် အမှတ်တရအမွေအနှစ်တစ်ရပ်အဖြစ် ရေရှည်တည်တံ့စေမည်ဖြစ်ကြောင်း သိရသည်။
