သတိုး
၃၀. ၇. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံခြားရေးအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်ဖြစ်သူ ထရီဆာ ပီ လာဇာရို (Theresa P Lazaro) က ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
အရှေ့တောင်အာရှတစ်လွှားမှ သတင်းထောက်များသည် ယခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသော ဒေသတွင်း အာဆီယံ၏ နှစ်စဉ်အဓိက သတင်းမီဒီယာ အစီအစဉ်ဖြစ်သည့် (၁၀) ကြိမ်မြောက် အာဆီယံ မီဒီယာဖိုရမ်အတွင်း သူမက ယင်းသို့ အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ လာဇာရိုက ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုသည် မကြာသေးမီနှစ်များအတွင်း အကျိုးသက်ရောက်မှု အရှိဆုံးသော နှစ်တစ်နှစ် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော ပထဝီနိုင်ငံရေး နောက်ခံအခင်းအကျင်းကြားတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တင်းမာမှုများ၊ အရှေ့အလယ်ပိုင်း ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ တောင်တရုတ်ပင်လယ်အတွင်း ထိရောက်ပြီး အနှစ်သာရရှိသော လိုက်နာရန်ကျင့်ဝတ် (Code of Conduct) ပြီးမြောက်ရေး ကြိုးပမ်းမှုများနှင့် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းများ အားလုံးဖြစ်ပေါ်လျက်ရှိကြောင်း သူမက ပြောဆိုခဲ့သည်။
ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့၏ အလွတ်သဘော တွေ့ဆုံပွဲသို့ လာဇာရို ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲကို ရည်ညွှန်း၍ သူမ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ခရီးစဉ်ကို စတုတ္ထသုံးလပတ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လာဇာရိုက မြန်မာနိုင်ငံတွင် မည်သူနှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အသေးစိတ် အချက်အလက်များကို ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း ယခုခရီးစဉ်၏ အဓိက အာရုံစိုက်မှုမှာ မြန်မာပြည်သူများထံ အစားအသောက်နှင့် ဆေးဝါးအကူအညီများ ပေးအပ်ရန်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
“ကျွန်မတို့ဟာ အကူအညီပေးရေးအတွက် ဦးစားပေးဧရိယာတွေကို စိစစ်ဖော်ထုတ်နေတဲ့ အဆင့်မှာ ရောက်နေပါပြီ။ သြဂုတ်လအရောက်မှာ ကူညီထောက်ပံ့မယ့် သီးခြားဒေသတွေကို အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကျွန်မတို့သံရုံးက ပေါင်းစပ်ညှိနှိုင်းမှုတွေကို ဆောင်ရွက်နေပြီး ခရီးစဉ်ကိုတော့ စတုတ္ထသုံးလပတ်မှာ ပြုလုပ်ဖို့ လျာထားပါတယ်” ဟု သူမက ဆိုသည်။
လာဇာရိုသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် တာဝန်ကို ယူထားရသဖြင့် ခရီးစဉ်အတွင်း မြန်မာအစိုးရအား တောင်းဆိုချက်များဖြင့် ဖိအားပေးခြင်းမပြုဘဲ သံတမန်နည်းလမ်းအတိုင်း သတိကြီးစွာထား၍ ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိမည်ဆိုပါက ယင်းသည် ဒေသတွင်းအဖွဲ့အစည်း (အာဆီယံ) အတွက် များစွာအဓိပ္ပာယ်ရှိလိမ့်မည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
“ဒါဟာ အာဆီယံအတွက် အလွန်ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူမ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့ဆုံခွင့်ရတာဟာ ကျွန်မတို့ကို ကမ္ဘာ့မြေပုံပေါ်မှာ ပြန်လည်နေရာရရှိစေမှာ မို့လို့ပါ” ဟု သူမက ပြောဆိုခဲ့သည်။
Ref : Bangkok Post
