သက်တံ့
၃၀. ၇. ၂၀၂၆
စင်ကာပူနိုင်ငံရှိ iJooz အဖျော်ယမကာ အရောင်းစက်တစ်ခုတွင် ပိုက်ကို လျှာဖြင့်လျက်ပြီး စက်ထဲ ပြန်ထည့်ပြခဲ့သည့် နောက်ပြောင်မှု (Prank) ရုပ်သံဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့သူ ပြင်သစ်လူငယ်တစ်ဦးအား အများပြည်သူဆိုင်ရာ နှောင့်ယှက်မှု (Public Nuisance) ဖြင့် စင်ကာပူတရားရုံးတစ်ခုက ယနေ့ ကြာသပတေးနေ့တွင် စင်ကာပူဒေါ်လာ ၆၀၀ (အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာ) ဒဏ်ရိုက်ခဲ့သည်။
၎င်း၏ Instagram Followers များထဲမှ တစ်ဦးက အဆိုပါ ဗီဒီယိုကို ကူးယူကာ သတင်းဌာနတစ်ခုသို့ ပေးပို့ခဲ့ပြီးနောက် ယင်းရုပ်သံဖိုင်မှာ အွန်လိုင်းတွင် ရေပန်းစား ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်း ခုခံချေပသူဘက်က ပြောကြားခဲ့သည်။

အသက် ၁၉ နှစ်အရွယ် ဒီဒီယာ ဂတ်စပတ် အိုဝင် မက်ဆီမီလီယန် (Didier Gaspard Owen Maximilien) သည် အများပြည်သူဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်တစ်ရပ်အတွက် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး အများပိုင်ပစ္စည်း ထိခိုက်ပျက်စီးစေမှု (Mischief) ဆိုင်ရာ ဒုတိယစွပ်စွဲချက်တစ်ခုကိုလည်း ထည့်သွင်းစဉ်းစားခြင်း ခံခဲ့ရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်နေ့က မက်ဆီမီလီယန်သည် Goldhill Centre ရှိ လက်ဝှေ့လေ့ကျင့်ရေးစခန်းသို့ သွားရောက်ခဲ့သည်။ ထို့နောက် အဆိုပါနေရာရှိ iJooz အဖျော်ယမကာ အရောင်းစက်သို့ သွားရောက်ကာ အဖျော်ယမကာတစ်ခွက် ဝယ်ယူခဲ့သည်။
၎င်းသည် စက်ထဲမှ ပိုက်တစ်ခုကို ထုတ်ယူ၍ ပိုက်၏ ထက်ဝက်ခန့်ကို လျှာဖြင့်လျက်ကာ အဆိုပါ မသန့်ရှင်းတော့သည့် ပိုက်ကို မူလပိုက်ထုတ်ပေးသည့် နေရာသို့ ပြန်ထည့်ခဲ့ပြီး ယင်းဖြစ်စဉ်တစ်ခုလုံးကို ရိုက်ကူးခဲ့သည်။ ထို့နောက် အဖျော်ယမကာကို ယူကာ အဆိုပါ မသန့်ရှင်းတော့သည့် ပိုက်ကို ပြန်လည်ယူဆောင်၍ ထွက်ခွာသွားခဲ့သော်လည်း ရောင်းချသူက ပိုက်အခု ၅၀၀ စလုံးကို အသစ်ပြန်လဲခဲ့ရသည့်အပြင် ထိုလုပ်ရပ်ကို အင်စတာဂရမ်ပေါ်တင်ချိန် လူမှုကွန်ရက်တွင် ရှုတ်ချကန့်ကွက်မှုများ ဖြစ်ပွားလာခဲ့သည့်အတွက် မက်ဆီမီလီယန်ကို တရားစွဲဆိုကာ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။
Ref : SCMP

