◾️ ဘင်္ဂါလီများနှင့် မလေးရှားပြည်သူများအကြား တင်းမာမှုများဖြစ်ပွားခဲ့သဖြင့် အများပြည်သူ အေးချမ်းသာယာမှုကို နှောင့်ယှက်သည့် ဘင်္ဂါလီများအား ပြတ်ပြတ်သားသား အရေးယူရန်လည်း ညွှန်ကြားထား
သတိုး
၃၀. ၇. ၂၀၂၆
မကြာသေးမီက မလေးရှားတွင် ဒုက္ခသည်များနှင့် ဒေသခံအသိုင်းအဝိုင်းများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ခိုလှုံခွင့်တောင်းခံနေသူ ဘင်္ဂါလီ ၅,၀၀၀ ကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံက သဘောတူညီခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။
အဆိုပါပြောကြားမှုကို ယခုသီတင်းပတ်ကုန်တွင် ကျင်းပမည်ဖြစ်သော နဂရီ ဆမ်ဘီလန် (Negeri Sembilan) ပြည်နယ် ဒေသဆိုင်ရာ ရွေးကောက်ပွဲ မတိုင်မီ ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတစ်ခု၌ အန်ဝါက မြန်မာနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် ယခုကိစ္စကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


“ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ အခုဆိုရင် မလေးရှားက ဘင်္ဂါလီ ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ သူတို့ သဘောတူခဲ့ပါပြီ” ဟု အန်ဝါက အသေးစိတ် အချက်အလက်များကို ထပ်မံမပြောဘဲ ပြောဆိုခဲ့သည်။
အခြားသော တွေ့ဆုံပွဲတစ်ခု၌ အန်ဝါက နှစ်နိုင်ငံဆွေးနွေးပွဲများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် ၃၀၀,၀၀၀ ကိုပါ ပြန်လည်လက်ခံရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ “ဒါကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းထားဖို့ အရေးကြီးတာပါ။ သတိထားဆောင်ရွက်ရတဲ့ သံတမန်ရေးရာ နည်းလမ်းတွေနဲ့ ညှိနှိုင်းခဲ့လို့ ဒီလိုရလဒ် ထွက်ပေါ်လာတာပါ” ဟု ၎င်းက ဆိုသည်။
အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် မလေးရှားနိုင်ငံသည် ARSA အကြမ်းဖက်အရေးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် ဘင်္ဂါလီများအတွက် ဘေးကင်းရာ ခိုလှုံရာနေရာတစ်ခုအဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသည်။ ဖေဖော်ဝါရီလကုန်အထိ မလေးရှားနိုင်ငံရှိ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ၌ မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ၁၂၆,၀၀၀ ခန့် ရှိသည်။
ကုလသမဂ္ဂ၏ ဖော်ပြချက်အရ ဘင်္ဂါလီများသည် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခံထားရသဖြင့် ကမ္ဘာ့အကြီးဆုံး နိုင်ငံမဲ့လူဦးရေ ဖြစ်လာခဲ့သည်။ အန်ဝါ၏ ထုတ်ဖော်ပြောကြားချက်နှင့် ပတ်သက်၍ မြန်မာသမ္မတရုံးသို့ ကြာသပတေးနေ့က မှတ်ချက်တောင်းခံခဲ့သော်လည်း ချက်ချင်းအကြောင်းပြန်ကြားခြင်း မရှိသေးသလို ကွာလာလမ်ပူရှိ UNHCR ရုံးကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မလေးရှား အာဏာပိုင်များသည် ယခုသီတင်းပတ်အတွင်း ကွာလာလမ်ပူရှိ UNHCR ရုံးရှေ့တွင် စုဝေးဆန္ဒပြခဲ့ကြသည့် ဘင်္ဂါလီ မွတ်ဆလင်ဒုက္ခသည် ၁၀၀ ကျော်ကို ခေတ္တထိန်းသိမ်းခဲ့ပြီး စာရွက်စာတမ်းများကို စိစစ်ပြီးနောက် ရက်ပိုင်းအကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ ဒုက္ခသည်များသည် ပေနန်ပြည်နယ်မြောက်ပိုင်းရှိ နေအိမ်များမှ ဒေသခံများ၏ နှင်ထုတ်ခြင်းခံခဲ့ရသည်ဟု ဆိုကာ ကုလသမဂ္ဂအေဂျင်စီထံ အကူအညီတောင်းခံခဲ့ကြသူများဖြစ်ပြီး ၎င်းတို့အားလုံးတွင် တရားဝင် UNHCR စာရွက်စာတမ်းများ ရှိကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
အန်ဝါက မလေးရှား ရဲချုပ်အား အများပြည်သူ အေးချမ်းသာယာမှုကို နှောင့်ယှက်သည့် ဘင်္ဂါလီများကို ပြတ်ပြတ်သားသား အရေးယူရန် ညွှန်ကြားထားကြောင်းလည်း ပြောကြားခဲ့သည်။
“ကျွန်တော် သူတို့ကို သတိပေးပြီးပါပြီ။ လမ်းတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို ဘင်္ဂါလီတွေ နှောင့်ယှက်တာမျိုး မလိုချင်ပါဘူး။ ဒါ မလေးရှားနိုင်ငံပါ။ သူတို့ ကျွန်တော်တို့ကို နှောင့်ယှက်လို့ မရပါဘူး။ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ပါလိမ့်မယ်” ဟု ၎င်းက သတိပေးခဲ့သည်။
မကြာသေးမီလများအတွင်း အွန်လိုင်းမှတစ်ဆင့် မုန်းတီးရေးစကားများနှင့် သတင်းအမှားများ ဖြန့်ဝေခံရပြီးနောက် မလေးရှားရှိ ဘင်္ဂါလီဒုက္ခသည်များသည် လူမှုအသိုင်းအဝိုင်းစာသင်ကျောင်းများ ပိတ်သိမ်းခံရခြင်းအပါအဝင် ပိုမိုတင်းကျပ်သည့် စိစစ်မှုများနှင့် နှောင့်ယှက်မှုများနှင့် ရင်ဆိုင်နေရသည်။
မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ ခိုလှုံခွင့်တောင်းခံသူများကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် တိုင်းပြည်အတွင်း ခိုလှုံခွင့်တောင်းခံသူများကို စီမံခန့်ခွဲရန် ကိုယ်ပိုင်စနစ်တစ်ခု တည်ဆောက်နေစဉ်အတွင်း ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ယခုလဆန်းပိုင်းတွင် UNHCR အား တောင်းဆိုခဲ့သည်။
၂၀၂၁ ခုနှစ်တွင် မလေးရှားနိုင်ငံသည် တရားရုံး၏ ဆိုင်းငံ့မိန့်နှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ကန့်ကွက်မှုများရှိသည့်ကြားမှ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို သင်္ဘောဖြင့် ပြန်လည်ပြည်နှင်ဒဏ်ပေးခဲ့ပြီး၊ ယင်းအထဲတွင် ခိုလှုံခွင့်တောင်းခံသူများနှင့် UNHCR မှတ်ပုံတင်ထားသူ ဒုက္ခသည်များပါဝင်ခဲ့သည်။
Ref : TBS & Reuters
