ပုံစာ။ ပြည်ထောင်စုခုံးတံတားပေါ် YBS ၆ ယာဥ်တစ်စီး မီးလောင်နေမှုမြင်ကွင်း (ဓာတ်ပုံ - မီးသတ်ဦးစီးဌာန၊ ကောင်းမှုဆောင် ပရဟိတအသင်း)
သက်တံ့
၃၀. ၇. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ ပြည်ထောင်စု ခုံးကျော်တံတားပေါ်တွင် ယနေ့ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ကျော်အချိန်က YBS ၆ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်သည် ဒဂုံဆိပ်ကမ်းမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ၆ ယာဉ်လိုင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားပြီးနောက် ဂက်စ်အိုးပေါက်ကွဲသံလည်း ပေါ်ထွက်ခဲ့ကြောင်းနှင့် ဖြစ်စဥ်ဖြစ်ပွားအပြီး တစ်မိနစ်ခန့်အကြာတွင်ပင် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သဖြင့် နံနက် ၆ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
တွေ့မြင်ရသောပုံရိပ်များနှင့် မီးသတ်ဦးစီးဌာနပို့စ်အောက် မှတ်ချက်များအရ အဆိုပါ ပေါက်ကွဲမီးလောင်မှုတွင် YBS ၆ ယာဥ်မှာ မှန်များ ကွဲအက်သွားမှုနှင့် နောက်ခန်းမီးလောင်မှုရှိသော်လည်း နံနက်အစောချိန်ဖြစ်သောကြောင့် လိုက်ပါသူနည်းပါး၍ စီးနင်းလာသူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ကနဦးသိရသည်။
အဆိုပါဖြစ်စဥ်ကို သင်္ဃန်းကျွန်းမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကောင်းမှူဆောင်ပရဟိတအသင်းအပါအဝင် ပရဟိတအသင်းများက ကူညီငြှိမ်းသတ်ပေးခဲ့သည်။








