၃၀.၇.၂၀၂၆
Written by Linn Eain
နေပြည်တော်မှ ထွက်ခွာလာသည့် DEMU လူစီးအမြန်ရထားအား သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာအကြား ခဲဖြင့်ပစ်ပေါက်ခံရမှု ဇူလှိုင် ၂၉ ရက်၊ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၃၂)အစုန်ခေတ်မီလေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားသည် သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာအကြား မိုင်တိုင်အမှတ် ၃/၉-၁၀ သုဝဏ္ဏ ခုံးတံတားကိုဖြတ်သန်းစဉ် ရထား၏ညာဘက်အား ခဲဖြင့်ပစ်ပေါက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရထားတွဲဆိုင်းပါ ပထမဆုံးတွဲအမှတ် DEMU F(C)-4029၏ ညာဘက်ခြမ်းခရီးသည် အတက်/အဆင်းတံခါးပေါက် အောက်ဆုံးမှန်ကို ထိမှန်ခဲ့ကာ ကြေမွအက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ငါးမိနစ်ဖြစ်ပေါ်ခဲ့ပြီး အခြားရထားများ ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ သင်္ဃန်းကျွန်းရထားရဲစခန်းနှင့် တိုးကြောင်ကလေးရထားရဲစခန်း တာဝန်ရှိသူများ သွားရောက်၍ တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေးသက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း သိရသည်။
