၂၇.၇.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံတို့တွင် ကြီးမားသော တောမီးများသည် ဇူလိုင် ၂၅ ရက်ညက ညတွင်းချင်း ဆက်လက်အားကောင်းလာခဲ့ရာ ပြင်သစ်နိုင်ငံ အနောက်ပိုင်း ဘော်ဒိုးမြို့နှင့် စပိန်မြို့တော် မက်ဒရစ်အနီးတွင်ဆိုလျှင် ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထပ်မံပြောင်းရွှေ့မှုများ ပိုမိုပြုလုပ်ခဲ့ရကြောင်း သိရသည်။
စပိန်ဝန်ကြီးချုပ်က တောမီးလောင်ကျွမ်းမှုများအဖို့ ရှေ့တွင် ပို၍ခက်ခဲသောအချိန်များ ရှိနိုင်ကြောင်း သတိပေးခဲ့သလို ပြင်သစ်ပြည်ထဲရေးဝန်ကြီးကလည်း ဘော်ဒိုးအနီးရှိ ဂျီရွန်ဒီဒေသတွင် တောမီးလောင်ကျွမ်းမှုမှာ အလွန်ပြင်းထန်ပြီး အခြေအနေခန့်မှန်း၍မရဖြစ်လာကြောင်း ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းမှုများ ဆက်လက်အရှိန်မြင့်ဖြစ်ပွားနေသောကြောင့် နှစ်နိုင်ငံစလုံးတွင် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံ၏ကမ်းရိုးတန်းမြို့ဖြစ်သော ဗလန်စီယာမြို့အပြင်ဘက်တွင် မီးလောင်ကျွမ်းမှုအသစ်တစ်ခုဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရကြောင်းလည်း သိရသည်။
ပြင်သစ်အစိုးရက မီးသတ်သမား ၂,၅၀၀ ခန့်အပြင် စစ်ဘက်ဝန်ထမ်း ၁,၅၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၁,၂၀၀ ကို ထိုဒေသသို့ စေလွှတ်ခဲ့သည်။ ညတွင်းချင်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့မှုများကြောင့် ပြင်သစ်နိုင်ငံတွင် ရွှေ့ပြောင်းခံရသူ အရေအတွက် စုစုပေါင်း ၂၂၀,၀၀၀ ကျော် ရှိလာခဲ့သည်။
လူဦးရေ ၂၆၈,၀၀၀ ခန့်နေထိုင်သော ဘော်ဒိုးမြို့အနီးရှိ မီးလောင်ကျွမ်းမှုများသည် အတ္တလန္တိတ် သမုဒ္ဒရာကမ်းရိုးတန်းတစ်လျှောက်ရှိ အဝေးပြေးလမ်းမကြီး အပါအဝင် လမ်းများကိုလည်း အသွားအလာ ပိတ်ဆို့ထားခဲ့ပြီး အဓိကအားဖြင့် ဝိုင်ထုတ်လုပ်သည့် ထိုမြို့အနီးရှိ ရထားဝန်ဆောင်မှုများကိုလည်း ရပ်တန့်စေခဲ့သည်။
စုစုပေါင်းအားဖြင့် တောမီးလောင်ကျွမ်းမှုများက မြေဟက်တာ ၄၂,၀၀၀ (ဧက ၁၀၃,၀၀၀) ခန့်ကို လောင်ကျွမ်းခဲ့ပြီး ၎င်းက ပါရီမြို့၏ လေးဆ သို့မဟုတ် မန်ဟက်တန်မြို့၏ ခုနစ်ဆ အရွယ်အစားရှိသော ဧရိယာဖြစ်သည်။ ထိုပမာဏက မြေဟက်တာ ၅၀,၀၀၀ ပျက်စီးခဲ့သည့် ၁၉၄၉ ခုနှစ် တောမီးလောင်မှုနောက်ပိုင်း အများဆုံးသော တောမီးလောင်ကျွမ်းမှုလည်း ဖြစ်စေခဲ့သည်။
သီးခြားအနေဖြင့်လည်း နိုင်ငံ့တောင်ပိုင်း ဗားဒေသတွင် လောင်ကျွမ်းနေသောတောမီးကို ငြှိမ်းသတ်ရာတွင် မီးသတ်သမားများက လူ ၃,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြရသေးသည်ဟု သတင်းများကဆိုသည်။
အိမ်နီးချင်းစပိန်နိုင်ငံတွင်လည်း မြို့တော်မက်ဒရစ်၏ အနောက်ဘက်နှင့် မြောက်ဘက်ဒေသများကို တောမီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေရာ လူထောင်ပေါင်းများစွာသည် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် အာဏာပိုင်များက တိုလီဒိုမြို့အနီးရှိ စည်ပင်သာယာနယ်မြေရှစ်ခုတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဇူလိုင်လ ၂၅ ရက်တွင် အမိန့်ပေးခဲ့သည်။ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က ဇူလိုင်လ ၂၆ ရက်တွင် မြို့တော်အနောက်ဘက်ရှိ မီးဘေးသင့်ဒေသများသို့ လှည့်လည်ကြည့်ရှုစဉ် ခက်ခဲသောအချိန်များ ရှေ့တွင် စောင့်ဆိုင်းနေလိမ့်ဦးမည်ဟု ပြောကြားခဲ့သည်။
ယခုအခါပြင်သစ်နိုင်ငံနှင့်စပိန်နိုင်ငံတို့တွင် တောမီးလောင်ကျွမ်းမှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးကြရသူ သုံးသိန်းကျော်ရှိသွားပြီဟုလည်း သိရသည်။
Ref-DW News



