သက်တံ့
၂၇. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ထာလန်း (Thalang) မြို့နယ်ရှိ ရေတံခွန်သို့ သွားရာလမ်းမပေါ်တွင် မူးယစ်နေသော မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးက မော်တော်ဆိုင်ကယ် အများအပြားကို တိုက်မိခဲ့သဖြင့် ထိုင်းနိုင်ငံသား ၂ ဦး သေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုမှာ စနေနေ့ ညနေ ၇ နာရီခွဲခန့်က သပ်ခါဆသရီ (Thepkasattri) ကျေးရွာအုပ်စု၊ တုန်ဆိုင်း (Ton Sai) ရေတံခွန်သို့ ဝင်ရာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းမှာ အသက် ၄၂ နှစ်အရွယ် အောင်မင်းဦး ဖြစ်ကြောင်း သိရသည်။ ၎င်းမောင်းနှင်လာသည့် အနက်ရောင် ဆူဇူးကီး (Suzuki) ပစ်ကပ်ကားသည် အသက် ၂၄ နှစ်မှ ၆၀ နှစ်ကြားရှိ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ မောင်းနှင်လာသော ဟွန်ဒါ (Honda) မော်တော်ဆိုင်ကယ် ၄ စီးကို တိုက်မိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ ပစ်ကပ်ကားသည် ရေတံခွန်ဘက်မှ ပြန်ထွက်လာစဉ် ရေတံခွန်ဘက်သို့ မောင်းနှင်လာသည့် အသက် ၂၄ နှစ်အရွယ် သနဝစ် အင်ကဲအို (Thanawit Inkaeo) ၏ မော်တော်ဆိုင်ကယ်ကို စတင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ယာဉ်မောင်းသည် အခင်းဖြစ်ပွားရာနေရာမှ ထာလန်းမြို့နယ်ဗဟိုဘက်သို့ အရှိန်မြှင့်မောင်းနှင် ထွက်ပြေးခဲ့သည်။ ၎င်း၏ မီတာ ၁၀၀ ခန့်မျှသာ ဝေးသောနေရာသို့ မောင်းနှင်ထွက်ပြေးစဉ်အတွင်း ဆိုင်ရှေ့တွင် ရပ်ထားသည့် အခြားမော်တော်ဆိုင်ကယ် ၃ စီးကို ထပ်မံတိုက်မိခဲ့ပြီး အခြားလူ ၃ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ရဲတပ်ဖွဲ့၏ ဓာတ်ပုံများအရ အောင်မင်းဦး မောင်းနှင်လာသော ဆူဇူးကီးပစ်ကပ်ကားတွင် အရှေ့ဘမ်ပါ (တိုက်ခိုက်မှုကာကွယ်သည့်သံတန်း) ကို အားဖြည့်တပ်ဆင်ထားသည်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည့် ရဲတပ်ဖွဲ့သည် မူးယစ်နေပုံရသော ယာဉ်မောင်းကို ဖမ်းဆီးခဲ့သည်။ သွေးတွင်း အရက်ပါဝင်မှုစစ်ဆေးချက်အရ အရက်ပါဝင်မှုပမာဏမှာ သွေး ၁၀၀ မီလီလီတာတွင် ၂၃၉ မိုက်ခရိုဂရမ် (239mcg/100ml) အထိ အများအပြား ရှိနေကြောင်း တွေ့ရှိရသည်။ ယာဉ်မောင်းနှင်ရန်အတွက် ဥပဒေအရ ခွင့်ပြုထားသည့် အမြင့်ဆုံးပမာဏမှာ ၅၀ မိုက်ခရိုဂရမ်အောက်သာ ဖြစ်သည်။
ယာဉ်တိုက်ခံရသူများအနက် သနဝစ်နှင့် အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး မာရီယမ် (Mariem) တို့မှာ ရရှိသည့်ဒဏ်ရာများဖြင့် ည ၉ နာရီ ၄၀ မိနစ်တွင် ထာလန်းဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အသက် ၃၆ နှစ်နှင့် ၆၀ အရွယ် အခြားဆိုင်ကယ်မောင်းသူ အမျိုးသား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့၏ အမည်များကို နီရန်း (Niran) နှင့် ခနစ် (Khanit) ဟုသာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Ref: Bangkok Post

