သက်တံ့
၂၃. ၇. ၂၀၂၆
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အနှိပ်ခန်းတစ်ခုအတွင်း တရားမဝင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံသားတစ်ဦးနှင့် ဂျပန်နိုင်ငံသားတစ်ဦးတို့ကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ကျောင်းသားဗီဇာဖြင့် လိင်ဖျော်ဖြေရေးဝန်ဆောင်မှု ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
တိုကျိုမြို့တော် ရဲတပ်ဖွဲ့ဌာနချုပ်၊ ပြည်သူ့လုံခြုံရေးဌာနခွဲမှ ရဲအရာရှိများသည် အဆိုပါ ဖမ်းဆီးအရေးယူမှုများကို ဇွန်လအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း စုံစမ်းစစ်ဆေးရေး အသေးစိတ်အချက်အလက်များကိုမူ ဂျပန်မီဒီယာ သတင်းဖော်ပြချက်များမှတစ်ဆင့် မကြာသေးမီကမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် အဲဒိုဂါဝါ (Edogawa) ရပ်ကွက်၊ ဟိရအိ (Hirai) ရှိ အနှိပ်ခန်းတစ်ခုတွင် အသက် ၅၀ အရွယ် ထိုင်းအမျိုးသမီး မီဆာကီ နစ်ဝမ်လာ (Misaki Nitwanla) ကို ဖမ်းဆီးခဲ့ပြီး ကီတာ (Kita) ရပ်ကွက်၊ အိုဂျိ (Oji) တွင် အသက် ၅၁ နှစ်အရွယ် ဂျပန်နိုင်ငံသား နာအိုကီ ဟာကာမာဒါ (Naoki Hakamada) ကို ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ ၎င်းတို့နှစ်ဦးသည် ခွင့်ပြုချက်မရှိသော ပိတ်ပင်ထားသည့် နယ်မြေအတွင်း လိင်ဖျော်ဖြေရေးလုပ်ငန်းအား ပူးတွဲလုပ်ကိုင်ခဲ့ကြောင်းနှင့် တရားဝင် လုပ်ကိုင်ခွင့်ပါမစ် မရှိသည့် နိုင်ငံခြားသားများကို ငှားရမ်းခဲ့ကြောင်း စွပ်စွဲထားသည်။ မီဆာကီက စွပ်စွဲချက်များကို ဝန်ခံခဲ့သော်လည်း ဟာကာမာဒါကမူ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်အပေါ် ငြင်းဆိုထားသည်။
စွပ်စွဲခံရသူများသည် တိုကျိုမြို့တစ်ခွင်တွင် တေတို (Taito) ရပ်ကွက်၊ အူအဲနို (Ueno) ရှိ ဆိုင်ခွဲတစ်ခုအပါအဝင် အနှိပ်ခန်း ဆိုင်ခွဲ ၄ ခုကို ဖွင့်လှစ်ထားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောဆိုသည်။ အဆိုပါ လုပ်ငန်းများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ယခုနှစ် ဇွန်လအထိ ကာလအတွင်း ဝင်ငွေ ယန်း သန်း ၃၄၃ သန်း (ထိုင်းဘတ် သန်း ၇၁ သန်းကျော်) ခန့် ရရှိခဲ့သည်။
ဂျပန်သတင်းအေဂျင်စီ ဆန်ကေ (Sankei) ၏ ဖော်ပြချက်အရ အဆိုပါ စစ်ဆင်ရေးအတွင်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးအပါအဝင် ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့ ၃ ဦးသည် ဂျပန်နိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်နေကြသူများဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် တရားမဝင် လုပ်ကိုင်မှုဆိုင်ရာ ပြစ်မှုများဖြင့် စွပ်စွဲခံထားရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ကျခံရမည့် ပြစ်ဒဏ်များကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ယခု ဖမ်းဆီးမှုများသည် လွန်ခဲ့သည့်နှစ်က သတင်းဖော်ပြခဲ့သည့် တိုကျိုအနှိပ်ခန်း ပိုင်ရှင်တစ်ဦး ပါဝင်သည့် အလားတူ ဖြစ်စဉ်တစ်ခုပြီးနောက် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဂျပန်အာဏာပိုင်များသည် အသက် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးအား တရားမဝင် ငှားရမ်းကာ လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးခိုင်းခဲ့သည်ဟု စွပ်စွဲပြီး အသက် ၅၁ နှစ်အရွယ် မာဆာယူကိ ဟိုဆိုနို (Masayuki Hosono) ကို လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။
မိန်းကလေးငယ်သည် လိင်ကျွန်အဖြစ် အလွဲသုံးစားပြုခံရမှုကို ဂျပန်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ၎င်း၏မိခင်ဖြစ်သူသည် လွန်ခဲ့သည့်နှစ် ဇွန်လက အပန်းဖြေခရီးထွက်မည်ဟု အကြောင်းပြကာ ဂျပန်သို့ ခေါ်ဆောင်လာခဲ့ပြီး အနှိပ်ခန်းတွင် စွန့်ပစ်သွားခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးက ရဲတပ်ဖွဲ့အား ထွက်ဆိုခဲ့သည်။
ထိုင်းအာဏာပိုင်များသည် နောက်ပိုင်းတွင် မိခင်ဖြစ်သူအား ထိုင်ဝမ်၌ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အဆိုပါ တရားခံကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းရယူခဲ့သည်။ ယခုနှစ် ဇွန်လတွင် ထိုင်းတရားရုံးက အဆိုပါ အမျိုးသမီးကို ယင်းအမှုနှင့် ပတ်သက်၍ ထောင်ဒဏ် ၇ နှစ်နှင့် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
Ref: Thaiger
