သတိုး
၂၃. ၇. ၂၀၂၆
အာရှဒေသတွင်း ပြည်သူများ သာယာဝပြောတိုးတက်ရေးအတွက် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရာတွင်လည်းကောင်း၊ စိန်ခေါ်မှုများနှင့် မရေရာမှုအသစ်များကို ရင်ဆိုင်ရန် ညီညွတ်မှုကို အားဖြည့်ရာတွင်လည်းကောင်း တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ယိသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ရလဒ်များကို ချီးကျူးပြောဆိုရင်း မိမိတို့၏ မိတ်ဖက်ဆက်ဆံရေးသည် အာရှ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဆန်းသစ်ရေးအတွက် အင်ဂျင်တစ်ရပ်အဖြစ် လည်းကောင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာတစ်ခုအဖြစ် လည်းကောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ (Global South) ၏ စည်းလုံးညီညွတ်မှုနှင့် သီးခြားရပ်တည် အားကောင်းလာမှုအတွက် စံချိန်စံညွှန်းတစ်ခုအဖြစ် လည်းကောင်း ဆက်လက်တည်ရှိနေစေရေး အာဆီယံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ဝမ်ယိက ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးအတွင်း ဝမ်ယိက အဆိုပြုချက် ၄ ချက်ကို တင်ပြခဲ့ရာ ပထမအချက်မှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒေသတွင်း ပတ်ဝန်းကျင်ကောင်းကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမှုနှင့် အားလုံးပါဝင်နိုင်မှုဆိုင်ရာ အာရှတန်ဖိုးများကို ဘက်ပေါင်းစုံမှ အလေးထားထိန်းသိမ်းသင့်ကြောင်း၊ မတရားသော ပြင်ပစွက်ဖက်မှုများကို ပြတ်ပြတ်သားသား ငြင်းပယ်ရန်၊ သီးသန့်အုပ်စုငယ်များ ဖွဲ့စည်းခြင်းကို ဆန့်ကျင်ရန်၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း ဆွဲသွင်းခံရခြင်းကို ငြင်းဆန်ရန်နှင့် စစ်ဝါဒ ပြန်လည်ခေါင်းထောင်လာမှုကို လုံးဝခွင့်မပြုရန် ဝမ်ယိက ပြောဆိုခဲ့သည်။
ဒုတိယအချက်မှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်သည်။ ဘက်ပေါင်းစုံအနေဖြင့် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းရေးကို နက်ရှိုင်းစေရန်၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ ၃.၀ (China-ASEAN Free Trade Area 3.0) ကို မြှင့်တင်ရန်နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ကို အဆင့်မြင့်မြင့် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ဒေသတွင်း၌ စားနပ်ရိက္ခာ၊ စွမ်းအင်လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် တည်ငြိမ်မှုကိုလည်း မြှင့်တင်ရမည်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
တတိယအချက်မှာ စိမ်းလန်းစိုပြည်ရေးနှင့် နည်းပညာဆန်းသစ်တီထွင်မှု ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်ဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေး၊ အေအိုင် (AI) နည်းပညာနှင့် ပင်လယ်ရေအောက် ကေဘယ်လ်လိုင်းများကဲ့သို့သော သစ်လွင်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ဘက်ပေါင်းစုံမှ တိုးချဲ့သင့်ကြောင်း ဝမ်ယိက ပြောဆိုသည်။
ထို့ပြင် အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Economy Framework Agreement) နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှာဖွေရန် ကြိုးပမ်းသင့်ပြီး ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေး၊ သန့်ရှင်းသောစွမ်းအင်၊ စိမ်းလန်းသောစိုက်ပျိုးရေးနှင့် အပြာရောင်ပင်လယ်ရေကြောင်းစီးပွားရေး (Blue Economy) တို့တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: Xinhua
