
၁၇.၇.၂၀၂၆
Written by Thiri
ပဲခူးမြို့၊ ဥဿာမြို့သစ်က လူနေအိမ်တစ်အိမ်ရဲ့ မီးဖိုချောင်အတွင်းမှာ အသက် ၄၆ နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးနေတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ ညဦးပိုင်းက ဖြစ်ပွားခဲ့ပြီး၊ လူသတ်မှုကို ကျူးလွန်ခဲ့သူလို့ သံသယရှိတဲ့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူဟာ အခင်းဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးရမိရေးအတွက် အပူတပြင်း လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၁၇ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်မှာ ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းရှိ နေအိမ်အောက်ထပ် နောက်ဖေးမီးဖိုချောင်အတွင်းမှာ အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့နွဲ့စန်းဟာ ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ရပ်ကွက်တာဝန်ရှိသူတွေက သတင်းပေးချက်အရ သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သေဆုံးသူ ဒေါ်နွဲ့နွဲ့စန်းရဲ့ ဝဲဘက်ရင်ညွန့်၊ ချိုင်းအောက်၊ နဖူးထိပ်နဲ့ ခါးနောက်ကျောဘက်တို့မှာ ပြင်းထန်တဲ့ ထိုးသွင်းဒဏ်ရာနဲ့ ပေါက်ပြဲဒဏ်ရာတွေ အသီးသီး တွေ့ရှိခဲ့ရကာ လူသတ်မှုဖြစ်ပွားတဲ့ မီးဖိုချောင်အတွင်းကနေ သွေးစွန်းနေတဲ့ အလျား ၆ လက်မကျော်ရှိတဲ့ ဓား ၂ ချောင်း၊ ၈ လက်မကျော်ရှိတဲ့ စတီးရိုးတပ်ဓား ၁ ချောင်း၊ ကတ်ကြေး ၁ ချောင်းနဲ့ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ငရုတ်ကျည်ပွေ့ ၁ ခုတို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ဒေါ်နွဲ့နွဲ့စန်းရဲ့ ရုပ်အလောင်းကိုတော့ ရဲတပ်ဖွဲ့က ရင်ခွဲစစ်ဆေးဖို့အတွက် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကို ကျူးလွန်ပြီး ထွက်ပြေးသွားသူဟာ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးဇော်မင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး တရားခံကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ပြီး နယ်မြေပိတ်ဆို့ ရှာဖွေမှုတွေ ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရှိရပါတယ်။
