နေမိုး
၁၇. ၇. ၂၀၂၆
ဓနုပါတီဒုတိယဥက္ကဋ္ဌနှင့် ဝက်ဒိုင်လုပ်ငန်းရှင်ကို PDF ခြောက်ဦးက လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး နေအိမ်ရှေ့တွင် ဦးခေါင်းများကို သေနတ်ဖြင့် ပစ်သတ်ကာ ရွှေငွေများလုယက်သွားမှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည် သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ NUG ဩဇာခံ ရွာငံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၄ ရက် ည ၉ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာမှ ဦးအောင်ဝင်းစိန်(၆၁)နှစ်နှင့် ဦးစံတင့်(၆၃)နှစ်တို့သည် ညောင်ပင်ခွကျေးရွာနေ မိတ်ဆွေဖြစ်သူ ဦးဘဟန်၏ နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဦးအောင်ဝင်းစိန်နှင့် ဦးစံတင့်တို့အား ဖမ်းဆီးခေါ်ဆောင်၍ နေအိမ်ရှေ့လမ်းမပေါ်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းနှင့် ငွေများအား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးအောင်ဝင်းစိန်နှင့် ဦးစံတင့်တို့တွင် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဒေသတွင်းသတင်းများအရ ဦးစံတင့်သည် ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြိုနယ်၊ မြင်းကျဒိုးကျေးရွာနေထိုင်သူ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ – DNDP ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ဝင်းစိန်မှာ ဝက်ဒိုင်လုပ်ကိုင်သူဖြစ်ကာ နှစ်ဦးစလုံးမှာ တပ်မတော်နှင့် နီးစပ်သည်ဟုဆိုကာ ဒလန်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဦးစံတင့်ကို PDF များက ခြိမ်းခြောက်စာပင် ပေးပို့ခဲ့ဖူးကြောင်း သိရသည်။
ဦးစံတင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ DNDP ကိုယ်စားပြုပြီး ကလောမြိုနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသူ ဦးမင်းလွင်ဦးက “ဓနုအမျိုးသားရေးသက်သက် ရည်ရွယ်ပြီး စွမ်းဆောင်ပေးနေတဲ့ ဦးစံတင့်ရေ … ဘ၀ဆက်တိုင်း ဤကဲ့သို အဖြစ်ဆိုးတွေနဲ့ မတွေ့ကြုံရပါစေနဲ့လိုသာ ဆုတောင်းပေးရုံမှတစ်ပါး အခြားထိရောက်တဲ့ ကူညီမှုတွေ မပေးနိုင်လိုပိုပြီး ၀မ်းနည်း ကြေကွဲမိပါတယ်။ ရွာငံမြိုနယ် မြင်းကျဒိုးကျေးရွာအိုးစည်(ဓနု)ပါတီ(ဗဟို) ဒု-ဥက္ကဋ္ဌ ဦးစံတင့် ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့ည၊ ညောင်ပင်ခွကျေးရွာအတွင်း ကွယ်လွန်တိမ်းပါးသွားခဲ့ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

