သက်တံ့
၁၇. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အိန္ဒိယနိုင်ငံသား ဗေဒင်ဆရာတစ်ဦးသည် ကမ္ဘာလှည့်ခရီးသွားများထံမှ ဗေဒင်ဟောခနှင့် ယတြာခြေ၊ အစီအရင်ပြုလုပ်ခများ တောင်းခံကာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ (Tourist Police) ၏ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများ၏ တိုင်ကြားချက်များအရ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့သည် ပတ္တရားတစ်ခွင်တွင် ဘာသာရေးဝတ်စုံကဲ့သို့ အဝတ်အစားများ ဝတ်ဆင်ထားသည့် တောင်အာရှသားအသွင်ရှိသူများ (အထူးသဖြင့် အိန္ဒိယနိုင်ငံသားများ) ပါဝင်သော အုပ်စုတစ်စုသည် လာရောက်လည်ပတ်သူများထံ ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း သတင်းပေးပို့ချက်များကို စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သတင်းပေးချက်အရ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ရဲအရာရှိများသည် ပတ္တရားရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ ခရီးသွားများအား လက်ဝါးပြင်ဖတ်ခြင်း၊ မျက်နှာပြင်ဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်း ဝန်ဆောင်မှုများ ပေးနေသည့် အသက် ၃၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဆင်းဂ် (Singh) ဆိုသူကို တွေ့ရှိခဲ့ရသည်။
သက်သေအထောက်အထားများ စုဆောင်းပြီးနောက် အရာရှိများက ဆင်းဂ်၏ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တို့ကို စစ်ဆေးခဲ့ရာ ၎င်းတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိမနေကြောင်း တွေ့ရှိခဲ့ရသည်။
ခရီးသွားနှစ်ဦးက ရဲအရာရှိများကို ပြောကြားရာတွင် ဆင်းဂ်သည် ၎င်းတို့ထံ ချဉ်းကပ်လာပြီး ၎င်းတို့တွင် ကံဇာတာညံ့နေသည်ဟု ဆိုကာ ဗေဒင်ဟောပေးရန် ကမ်းလှမ်းခဲ့ပြီး ဟောခအဖြစ် ၁၉၉ ဘတ် တောင်းခံခဲ့ကြောင်း ပြောသည်။
၎င်းတို့နှစ်ဦးစလုံးက ငွေ ၂၀၀ ဘတ် လွှဲပြောင်းပေးခဲ့ပြီးနောက် ဆင်းဂ်က ၁,၉၀၀ ဘတ်ကျသင့်မည့် ကံကြမ္မာဆိုးခြေသည့် အစီအရင်တစ်ခုကို ထပ်မံပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့က ငြင်းပယ်ခဲ့ကြသည်ဟု ဆိုသည်။
ဆင်းဂ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ပတ္တရားမြို့မရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးခဲ့သည်။
ဆင်းဂ်က ၎င်းအနေဖြင့် ဗေဒင်ဆရာအဖြစ် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားကြောင်း Amarin TV က ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါအမျိုးသားများသည် ခရီးသွားများထံ ချဉ်းကပ်ကာ ၎င်းတို့တွင် ကံဇာတာညံ့နေခြင်း သို့မဟုတ် ကံဆိုးမှုများနှင့် ရင်ဆိုင်နေရသည်ဟု ပြောဆိုလေ့ရှိပြီး ထို့နောက် ငွေကြေးတောင်းခံကာ ဗေဒင်ဟောပေးခြင်းနှင့် ကံကောင်းစေမည့် အစီအရင်များ ပြုလုပ်ပေးရန် ကမ်းလှမ်းခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါအုပ်စုသည် လိမ်လည်ခံရသူများ ယုံကြည်မှုရရှိစေရန်အတွက် ကြိုးနီများ၊ အဆောင်ပိတ်စများ သို့မဟုတ် ကံကောင်းစေမည့် ဂဏန်းများပါရှိသော စက္ကူများကို ပေးလေ့ရှိပြီး ထို့နောက်တွင်မှ အနည်းဆုံး ထိုင်းဘတ် ၁၉၉ ဘတ်မှ စတင်ကာ “ဉာဏ်ပူဇော်ခ” ကို တောင်းခံလေ့ရှိသည်။ ယင်းနောက်တွင် ဝတ်ပြုသူများအား ကံကြမ္မာဆိုးများ ပြေပျောက်စေရန်အတွက် နောက်ထပ် အစီအရင်များ ထပ်မံပြုလုပ်ရန် ဘတ်ငွေထောင်ချီ ပေးဆောင်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်ဟု စွပ်စွဲထားသည်။
အချို့သူများ၏ အဆိုအရ အစပိုင်းတွင် အဆိုပါကမ်းလှမ်းချက်များကို ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ငွေပေးဆောင်ရန် ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့က ဒေသခံများနှင့် လာရောက်လည်ပတ်သူများအနေဖြင့် မိမိတို့တွင် ကံဇာတာညံ့နေသည်ဟု ဆိုကာ ချဉ်းကပ်လာသည့် သူစိမ်းများ၊ ကံကောင်းစေမည့် သို့မဟုတ် ကံဆိုးမှုများ ပြေပျောက်စေမည့် အခမ်းအနားများတွင် ပါဝင်ရန် ဖိတ်ခေါ်သူများ သို့မဟုတ် နာမ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ငွေကြေးတောင်းခံသူများ ကြုံတွေ့ရပါက သတိပြုကြရန် တိုက်တွန်းထားသည်။
Ref : Thaiger
