သက်တံ့
၁၇. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်နာ (Bang Na) ခရိုင်၊ ဆူခွန်ဗစ် (Sukhumvit) နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ပြုပြင်မွမ်းမံနေသည့် အဆောက်အအုံတစ်ခုမှ ကွန်ကရစ်အမိုးပြားပြုတ်ကျမှုကြောင့် မြန်မာအမျိုးသားတစ်ဦး သေဆုံးပြီး နောက်အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဘန်နာနွေယာနယ်မြေ၊ ဆူခွမ်ဗစ် ၆၆/၁ ရှိ အဆောက်အအုံတစ်ခုမှ ကွန်ကရစ်အမိုးပြားပြိုကျကြောင်း ဖရာရမ်ရေဒီယိုဗဟိုဌာန (Phra Ram Radio Centre) သို့ အကြောင်းကြားချက် ရရှိခဲ့သည်။
အကြောင်းကြားချက်ရရှိပြီးနောက် ဖရာခနွန်း (Phra Khanong) မီးသတ်နှင့် ကယ်ဆယ်ရေးစခန်းမှ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးလုပ်သားများကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။
အကြိုအစီရင်ခံစာများအရ အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရသူတစ်ဦးကို ရူအမ်ချိုင်ရတ်ဆေးရုံ (Ruamchai Rak Hospital) သို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ပြီး ကျန်တစ်ဦးမှာမူ ကွန်ကရစ်ပုံအောက်တွင် ညပ်နေခဲ့ကာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် သေဆုံးသူ၏ ရုပ်အလောင်းကို ထုတ်ယူနိုင်ရန် လုပ်ဆောင်ပေးခဲ့ကြသည်။
ဘန်နာခရိုင်ရုံး၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်မိုးသူ ဖြစ်ကြောင်း စိစစ်သိရှိရသည်။ သေဆုံးသူမှာလည်း အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုဇင်မင်းသက်အောင် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံသည် အဆောက်အအုံတည်ဆောက်ပုံ ပြုပြင်မွမ်းမံပြောင်းလဲရန်အတွက် ဇွန်လ ၁၀ ရက်နေ့ကတည်းက ခွင့်ပြုမိန့် ရရှိထားပြီးသားဖြစ်ကြောင်း ခရိုင်ရုံးက ပြောကြားခဲ့သည်။
တာဝန်ရှိသူများသည် ယခုဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။
Ref: Bangkok Post
