သတိုး
၂၃. ၇. ၂၀၂၅
ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အာဆီယံ၏ ဗဟိုချက်ကျမှု (Asean Centrality) ကို ထိန်းသိမ်းမြှင့်တင်သည့် ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် မိမိတို့၏ ကတိကဝတ်များကို ပြန်လည်အတည်ပြုကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့သည်။
ယခုလဆန်းပိုင်းအတွင်း မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်က အာဆီယံမူငါးချက်မှာ အာဆီယံမူဝါဒများနှင့် မကိုက်ညီကြောင်း လွှတ်တော်အတွင်း ဆွေးနွေးခဲ့ပြီးနောက် အာဆီယံအနေဖြင့် မူငါးချက်အပေါ် ဆက်လက် ရပ်တည်လိုမှုရှိမရှိ မေးခွန်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် မူဘောင်တစ်ခုအဖြစ် တူညီဆန္ဒ ၅ ချက် (Five-Point Consensus) ကို အကောင်အထည်ဖော်ရေးနှင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးတို့အတွက် အာဆီယံက ဆက်လက်ကတိပြုထားကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာထရီဆာ လာဇာရို (Ma. Theresa Lazaro) က ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်း မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) သည် လာဇာရိုအား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။
“ဒီအစည်းအဝေးတွေကနေတစ်ဆင့် မြန်မာပြည်သူတွေနဲ့ ဒေသတစ်ခုလုံးကို အကျိုးပြုမယ့် မြန်မာကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းရေးနည်းလမ်းတစ်ခု ရရှိဖို့ မြန်မာနိုင်ငံကို ကူညီပေးမယ်ဆိုတဲ့ ကျွန်မတို့ရဲ့ ကတိကဝတ်နဲ့ ပတ်သက်လို့ အကောင်းမြင်ပါတယ်” ဟု လာဇာရိုက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဆီယံက အတည်ပြုခဲ့သော တူညီဆန္ဒ ၅ ချက်တွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ သက်ဆိုင်သူ အားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်၊ အထူးသံတမန်တစ်ဦး ခန့်အပ်ရန်နှင့် သက်ဆိုင်သူ အားလုံးအကြား တွေ့ဆုံဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရေးအတွက် အထူးသံတမန်က မြန်မာနိုင်ငံသို့ သွားရောက်လေ့လာဆွေးနွေးရန်တို့ ပါဝင်သည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး (Asean Foreign Ministers’ Retreat) နှင့် တရားဝင်မဟုတ်သော အလွတ်သဘောဆွေးနွေးပွဲ (Extended Informal Consultation – EIC) တို့အပြီး ဇူလိုင် ၂၂ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ လာဇာရိုက ပြောကြားရာတွင် အဆိုပါ ဆွေးနွေးမှုများသည် လွန်ခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အလွတ်သဘောတိုးချဲ့ဆွေးနွေးပွဲများ၏ ရလဒ်များကို အခြေခံ၍ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အင်္ဂါနေ့က ကျင်းပခဲ့သည့် EIC အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနှင့် မြန်မာနိုင်ငံအကြား ထိတွေ့ဆက်ဆံမှုနှင့် တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်မှုတို့အပေါ် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောဆိုသည်။
ဆွေးနွေးခဲ့သည့် အဆိုပြုချက်များထဲတွင် လက်ရှိအထူးသံတမန် သက်တမ်း ၁ နှစ်သာ တာဝန်ထမ်းဆောင်ရသည့် အစီအစဉ်အစား ဒေသတွင်းအဖွဲ့အစည်း၏ ထိတွေ့ဆက်ဆံမှုတွင် ပိုမိုအချိတ်အဆက်မိစေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တစ်ဦးကို ရေရှည်ခန့်အပ်နိုင်ခြေလည်း ပါဝင်သည်။
“ဘန်ကောက်မှာ တင်ပြခဲ့တဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ကျွန်မရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဒါတွေထဲမှာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို အာဆီယံအနေနဲ့ ဘယ်လိုသုံးသပ်မလဲဆိုတဲ့ ချဉ်းကပ်ပုံနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရေရှည်အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်နိုင်ခြေတို့ ပါဝင်ပါတယ်” ဟု လာဇာရိုက ပြောကြားခဲ့သည်။
ထို့အပြင် “ဒီအဆိုပြုချက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် အချောသပ်အတိုင်ပင်ခံ စာရွက်စာတမ်းတွေမှာ ဒါတွေကို ဘယ်လို ပေါင်းစပ်ထည့်သွင်းမလဲဆိုတာနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ အဆင့်မြင့်အရာရှိတွေ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်မယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: The Manila Times
