သက်တံ့
၂၃. ၇. ၂၀၂၆
ခွဲထွက်ရေး အစ္စလာမ် အစွန်းရောက် သောင်းကျန်းသူများ ထကြွနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ဘူကစ်ဆာမီ (Bukit Sami) စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်တိုက်ခိုက်သူများက သေနတ်များဖြင့် ပစ်ခတ်ပြီး ဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့မှုကြောင့် မူဆလင်ဘာသာဝင် အများစုနေထိုင်သည့် ထိုင်းတောင်ပိုင်းတွင် ဒေသခံပြည်သူ့စစ် (Volunteer Rangers) တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုသည် ရာငဲ (Ra-ngae) မြို့နယ်ရှိ ဘူကစ်ဆာမီ စစ်ဆေးရေးဂိတ်၌ ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပဏာမ အစီရင်ခံစာများအရ တိုက်ခိုက်သူ ၆ ဦးသည် ပြစ်မှုကျူးလွန်ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

တိုက်ခိုက်သူများသည် စနစ်တကျ အုပ်စုဖွဲ့ကာ ယာဉ်တန်းဖြင့် ရောက်ရှိလာပြီးနောက် တိုက်ခိုက်မှုစတင်ခဲ့သည်ကို စီစီတီဗီ (CCTV) မှတ်တမ်းများတွင် တွေ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဟွန်ဒါ (Honda) အနီရောင် မော်တော်ဆိုင်ကယ်တစ်စီးက ရှေ့ဆောင်ယာဉ်အဖြစ် မောင်းနှင်လာပြီး ယင်းနောက်တွင် အနက်ရောင်ဝတ်စုံနှင့် အနက်ရောင် အနားဝိုင်းဦးထုပ်များ ဆောင်းထားသည့် အမျိုးသား ၆ ဦး လိုက်ပါလာသော နစ်ဆန်း (Nissan) အနက်ရောင် ပစ်ကပ်ကားတစ်စီး ပါဝင်ကာ ဟွန်ဒါဝေ့ဖ် (Honda Wave) အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီးက နောက်ဘက်မှ လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။
တိုက်ခိုက်သူများသည် စစ်ဆေးရေးဂိတ်ကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် စခန်းတည်နေရာသို့ ဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တန်ယွန်းမတ် (Tanyong Mat) မှ ရာငဲမြို့နယ်ရှိ ဒူးဆုန်းယို (Dusong Yo) ကျေးရွာအုပ်စုသို့ ဦးတည်သည့် အဝေးပြေးလမ်းမကြီး အမှတ် ၄၀၅၅ အတိုင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများမှာ တပ်ကြပ်ကြီး သီရာယွတ် ဆိုမာကူး (အသက် ၄၃ နှစ်) နှင့် တပ်သားများဖြစ်သည့် ဝိမွန် ဒပ်သောင် (အသက် ၄၃ နှစ်)၊ နတ်သဆစ် ကဲဆေနာ (အသက် ၃၄ နှစ်)၊ ဆိုလာဟူဒင်း ပီ (အသက် ၃၄ နှစ်)နှင့် ဆာကီရီယာ ဂျေနာ (အသက် ၂၃ နှစ်) တို့ဖြစ်ကြသည်။
နှစ်ဖက် ပစ်ခတ်မှုအတွင်း ကြားညပ်မိပြီး အရပ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရတ် (Thairath) သတင်းက ဖော်ပြခဲ့သည်။ ဒဏ်ရာရရှိသူများမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၃၄ နှစ်အရွယ် မစ္စဆူဆာနာတို့ဖြစ်ပြီး နှစ်ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးထားသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များသည် အဆိုပါဒေသကို ပိတ်ဆို့ထားပြီး တိုက်ခိုက်သူများကို လိုက်လံဖမ်းဆီးရေး လုပ်ဆောင်လျက်ရှိသည်။ ဗုံးအစအနများနှင့် ကျည်ခွံများ အပါအဝင် သက်သေခံပစ္စည်းများကို စေလွှတ်ထားသော စုံစမ်းစစ်ဆေးရေးမှုခင်းဆရာဝန်များက စုဆောင်းလျက်ရှိကာ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအဖြစ် ဒီအန်အေ (DNA) နမူနာများကိုလည်း စစ်ဆေးသွားမည်ဖြစ်သည်။
ထို့ပြင် အလားတူ တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် ဒေသခံများအား လုံခြုံစိတ်ချမှုရှိစေရန်အတွက် တာဝန်ရှိသူများသည် ခရိုင်တစ်ဝှမ်း လုံခြုံရေးအစီအမံများကို တိုးမြှင့်လိုက်ပြီး စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေးတပ်ဖွဲ့များအား ၂၄ နာရီပတ်လုံး အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။
အလားတူ လွန်ခဲ့သည့် တစ်ရက်ကလည်း နရာသီဝပ်ရှိ တန်ယွန်း (Tanyong) ရဲစခန်းအပြင်ဘက်တွင် မော်တော်ယာဉ်ဗုံး (Car bomb) တစ်လုံး ပေါက်ကွဲခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှု မရှိခဲ့သော်လည်း ပစ်ကပ်ကားတစ်စီးနှင့် ရဲစခန်းအဆောက်အအုံ၏ အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့သည်။
Ref : Thaiger

