သတိုး
၂၀. ၇. ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများ၏ ထိပ်တန်းသံတမန်များသည် မနက်ဖြန် အင်္ဂါနေ့တွင် ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်မနီလာသို့ စုံညီတက်ရောက်ကြစဉ် အရှေ့အလယ်ပိုင်း၌ တစ်ကျော့ပြန်ပြင်းထန်လာသည့် ပဋိပက္ခများအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုကြမည်ဖြစ်ပြီး ယခုဆွေးနွေးပွဲသို့ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဥရောပသမဂ္ဂ (EU) တို့အပါအဝင် အနောက်နိုင်ငံများနှင့် အာရှဒေသမှ နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။
အီရန်နိုင်ငံအတွင်း နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပါအဝင် ကမ္ဘာ့ဖြေရှင်းရ အခက်ခဲဆုံး ပဋိပက္ခအချို့သည် အာဆီယံ (ASEAN) ၏ နှစ်ပတ်လည်ဆွေးနွေးပွဲ အစီအစဉ်တွင် ထိပ်တန်းဦးစားပေးအဆင့် ဖြစ်လာလိမ့်မည်ဖြစ်သည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက ၁၁ နိုင်ငံပါဝင်သော ဒေသတွင်းမဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ရယူထားပြီး မနီလာမြို့တွင် သုံးရက်ကြာကျင်းပမည့် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးများသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် (Sergey Lavrov) တို့ တက်ရောက်ကြမည်ဖြစ်သည်။ ယူကရိန်းနိုင်ငံ၏ ထိပ်တန်းသံတမန် အန်ဒရီ ဆီဘီဟာ (Andrii Sybiha) ကိုလည်း လာမည့်သောကြာနေ့တွင် ပြုလုပ်မည့် ၁၉၇၆ ခုနှစ် အာဆီယံ မကျူးကျော်ရေးစာချုပ် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း ၎င်းသည် ဝန်ကြီး လက်ဗရော့ဗ်နှင့် ရူဘီယိုတို့ တက်ရောက်မည့် အာဆီယံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသူ မဟုတ်ပေ။
ဝန်ကြီး ရူဘီယိုနှင့် လက်ဗရော့ဗ်တို့အနေဖြင့် မနီလာမြို့၌ ရှိနေစဉ်အတွင်း တစ်ဦးနှင့်တစ်ဦးဖြစ်စေ၊ ဆီဘီဟာနှင့်ဖြစ်စေ တွေ့ဆုံရန် အစီအစဉ်တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။
◾️ အီရန်စစ်ပွဲသည် အာဆီယံ၏ ထိပ်တန်းစိုးရိမ်ပူပန်မှုများထဲတွင် ပါဝင်နေ
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အင်္ဂါနေ့တွင် ၎င်းတို့အချင်းချင်း အရင်ဆုံးတွေ့ဆုံကြမည်ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်း အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားကာ စစ်ပွဲအသွင်အထိ ဖြစ်လာမည်ကို စိုးရိမ်နေရသည့် အမေရိကန်နှင့် အီရန်အကြား ပဋိပက္ခများကို အဓိကထား ဆွေးနွေးကြလိမ့်မည်ဖြစ်သည်။
အာဆီယံသံတမန်နှစ်ဦးက အေပီ (AP) သတင်းဌာနသို့ ပြောကြားရာတွင် ဝန်ကြီးများသည် ယင်းဖြစ်ရပ်များအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားပြီး နှစ်ဖက်စလုံး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တိုက်တွန်းထားသည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများကြောင့် စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံထောက်ပံ့မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသယ်ယူခဲ့သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေကြောင်းကုန်သွယ်မှုများကို တစ်ဖန်ပြန်၍ ခြိမ်းခြောက်လျက်ရှိသည်။
လူဦးရေ ၆၈၀ သန်းကျော်ရှိပြီး စီးပွားရေးတက်ကြွလှုပ်ရှားနေသော အရှေ့တောင်အာရှဒေသသည် အရှေ့အလယ်ပိုင်းမှလာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် အလွန်အမင်း မှီခိုနေရသဖြင့် အီရန်စစ်ပွဲနှင့်ဆက်စပ်၍ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် စက်သုံးဆီ၊ ရိက္ခာနှင့် အခြားအခြေခံကုန်စည်များ ပြတ်တောက်မှုမရှိစေရန်နှင့် ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ဈေးတင်ကစားခြင်းများကို တားဆီးရန်အတွက် ပြီးခဲ့သည့် မတ်လက အမျိုးသားစွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။
အီရန်စစ်ပွဲအပေါ် ဝါရှင်တန်၏ အလေးပေးမှုနှင့် စစ်ရေးအရင်းအမြစ်များကို အရှေ့အလယ်ပိုင်းသို့ လွှဲပြောင်းပေးလိုက်ခြင်းတို့ကြောင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လှုပ်ရှားမှုများနှင့် ထိုင်ဝမ်အပေါ် ဖိအားပေးမှုများအပါအဝင် အာရှ-ပစိဖိတ်အရေးကိစ္စများအပေါ် အမေရိကန်၏ ဂရုစိုက်မှု လျော့ပါးသွားမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ အခြားတစ်ဖက်တွင်မူ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍မူ တရုတ်ကို ဟန့်တားရန် ကူညီမည်ဟု ထရမ့်ပ်အစိုးရအဖွဲ့က ကတိပြုထားဖူးသည်။

◾️အမေရိကန်ဝန်ကြီး ရူဘီယို၊ အာဆီယံနှင့် ကွတ် (Quad) အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်
ဝန်ကြီး ရူဘီယိုအနေဖြင့် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခြင်းသည် ဝါရှင်တန်၏ ကတိကဝတ်များကို တစ်ဖန်ပြန်လည် အာမခံချက်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ပီဂေါ့တ် (Thomas Pigott) က ဝါရှင်တန်မြို့တွင် ပြောကြားရာ၌ “နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ဒေသတွင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှု၊ အကာအကွယ်ပေးနိုင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးမယ့် လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ထွန်းရေးဆိုတဲ့ အမေရိကန်ရဲ့ ရှင်းလင်းတဲ့ ဦးစားပေးလုပ်ငန်းစဉ်ကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အာဆီယံအစည်းအဝေးများအပြင် ရူဘီယိုသည် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်ပြီး ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကွက် (Quad) ဟုခေါ်သော မဟာမိတ်အဖွဲ့၏ အစည်းအဝေးတွင်လည်း ပါဝင်တက်ရောက်ရန် မျှော်လင့်ရသည်။ ယင်းအဖွဲ့ကို တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် အမေရိကန်မဟာဗျူဟာ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြပြီး ပေကျင်းအစိုးရကမူ ယင်းသည် တရုတ်၏ ကြီးထွားလာသော ဩဇာအာဏာကို ဝန်းရံပိတ်ဆို့ရန် အမေရိကန်၏ အကွက်ချစီမံမှုဖြစ်ကြောင်း အဖန်ဖန် ဝေဖန်ခဲ့သည်။
◾️ မြန်မာ့ပြည်တွင်းမှ စစ်ပွဲများနှင့် တောင်တရုတ်ပင်လယ်အရေးက ဒေသတွင်း အငြင်းပွားမှုများထဲ ထိပ်ဆုံးမှ ပါဝင်နေ
ပြင်ပပဋိပက္ခများအပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်းဖြစ်ပွားနေသော ပဋိပက္ခများ အဓိကအားဖြင့် မြန်မာ့ပြည်တွင်းမှ စစ်ပွဲများနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများကို ကူညီဖြေရှင်းပေးရန် ပိုမိုထိရောက်စွာ ဆောင်ရွက်ရေးအတွက် ကြီးထွားလာသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။ တပ်မတော်က ၂၀၂၁ ခုနှစ်တွင် မဲမသမာမှုပြုသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် လူပေါင်း ၈,၁၀၀ ကျော် သေဆုံးခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၂,၅၀၀ နီးပါး ရှိနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရသည်။
၂၀၂၁ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များ ထုတ်ပြန်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အာဆီယံသည် ယခုအပတ် မနီလာတွင် ပြုလုပ်မည့် အစည်းအဝေးအပါအဝင် ၎င်းတို့၏ အဆင့်မြင့်ဆုံး ထိပ်သီးအစည်းအဝေးများသို့ မြန်မာအစိုးရခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို တက်ရောက်ခွင့် ပိတ်ပင်ထားသည်။
အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို (Theresa Lazaro) ဦးဆောင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ယခုလအတွင်း ဘန်ကောက်မြို့တွင် မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေနှင့် ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပြီး စစ်ဒဏ်သင့်နေသည့် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ လျှော့ချရန်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကို ထပ်လောင်းပြောကြားခဲ့သည်။
ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသည့် လာဇာရိုနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကတ်ကောင်း (Sihasak Phuangketkeow) တို့သည် နောက်တစ်နေ့တွင် ထိုင်းနိုင်ငံ အပန်းဖြေမြို့ဖြစ်သော ပတ္တရားမြို့၌ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“ဒီတွေ့ဆုံမှုဟာ ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်လွှတ်လိုက်တာ မဟုတ်သလို၊ အဲ့ဒီလိုလည်း အလွဲမကောက်သင့်ပါဘူး။ ငြိမ်းချမ်းရေးလမ်းစကို ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပြတ်သားတဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုကနေပဲ ရရှိနိုင်မှာဖြစ်ပါတယ်” ဟု လာဇာရိုက ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တောင်တရုတ်ပင်လယ်အတွင်း ကာလရှည်ကြာဖြစ်ပွားနေသော နယ်နိမိတ်အငြင်းပွားမှုများ ထိန်းချုပ်မရဘဲ ကမောက်ကမဖြစ်ပွားမှုကို ကာကွယ်ရန် ရည်ရွယ်သည့် ကျင့်ထုံးဥပဒေ (Code of Conduct) အဆိုပြုချက်နှင့်ပတ်သက်၍ တရုတ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့အကြား ဆွေးနွေးညှိနှိုင်းမှု အခြေအနေများကို မနီလာမြို့တွင် ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါ နယ်နိမိတ်အငြင်းပွားမှုများတွင် တရုတ်၊ ထိုင်ဝမ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ပါဝင်ပတ်သက်နေပြီး၊ မကြာသေးမီနှစ်များအတွင်း အငြင်းပွားရေပြင်၌ အထူးသဖြင့် တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေတပ်အင်အားစုများအကြား ထိပ်တိုက်တွေ့ဆုံမှုများ ပြင်းထန်စွာ မြင့်တက်လာခဲ့သည်။
Ref : The Economic Times
