
နေမိုး
၂၀. ၇. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မီလျံနာရွှေဆိုင်ကို နေ့ခင်းကြောင်တောင်ဓားပြတိုက်မှု ဒီနေ့လယ် ၃ နာရီကျော်အချိန်က ဖြစ်ပွားခဲ့သလို ဝန်ထမ်းတစ်ဦးရိုက်နှက်ခံရပြီး ရွှေပိဿာချီလုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ CCTV ရုပ်သံမှတ်တမ်းအရ ဒီနေ့လယ် ၃ နာရီ မိနစ် ၂၀ ကျော်အချိန်မှာ သေနတ်တစ်လက်ကိုင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ပြင်မှာ ဝန်ထမ်းတစ်ယောက်ကို သေနတ်ဒင်နဲ့ရိုက်နှက်ကာ ဝန်ထမ်းတွေ အပြင်ထွက်မလာဖို့ ခြိမ်းခြောက်နေပြီး အမျိုးသားသုံးဦးခန့်ကတော့ ဆိုင်အတွင်းဝင်ရောက်ကာ မှန်ကောင်တာတွေရိုက်ခွဲပြီး ရွှေတွေ သိမ်းကျုံးလုယက်သွားတာ တွေ့ရပါတယ်။
နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရတဲ့ မီလျံနာရွှေဆိုင်ဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာတည်ရှိပြီး ဒီ ဓားပြတိုက်ခံရမှုမှာ ရွှေတစ်ပိဿာဝန်းကျင်ပါသွားတယ်လို့ VOM သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ MT News က ဆက်လက် စုံစမ်းနေပြီး အတည်ပြုသိရှိရတာ ထပ်မံ ဖော်ပြပေးပါမယ်။
