





သက်တံ့
၂၂. ၇.၂၀၂၆
မဲဆောက်မြို့နယ် ရဲစခန်း၊ နရဲစွမ်တပ်ဖွဲ့၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တို့ ပူးပေါင်း၍ စွမ်းဆောင်ရည်မြင့် FPV ဒရုန်း ၄ စီးနှင့် ဆက်စပ်ပစ္စည်း အမြောက်အမြားကို မြန်မာနိုင်ငံဘက်သို့ တရားမဝင် မပို့ဆောင်မီ အမျိုးသားလုံခြုံရေး ထိခိုက်မည်စိုးသဖြင့် ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့သည်။
ယမန်နေ့ (ဇူလိုင် ၂၁ ရက်) တွင် စုံစမ်းစစ်ဆေးရေးဗျူရိုမှ တာဝန်ရှိသူများ၊ နရဲစွမ်တပ်ဖွဲ့၊ ရာ့ချာမနူအထူးတပ်ဖွဲ့ နှင့် တာခ်ခရိုင် မဲဆောက်မြို့နယ် ရဲစခန်းတို့ ပူးပေါင်း၍ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား မင်းနီကျော် ဆိုသူကို သက်သေခံပစ္စည်းများနှင့်အတူ မဲဆောက်မြို့နယ်၊ အေးရှားလမ်းမဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော သက်သေခံပစ္စည်းများမှာ တပ်ဆင်ပြီးသား FPV အမျိုးအစား လူမဲ့လေယာဉ် (ဒရုန်း) – ၄ စီး၊တပ်ဆင်ရန်ကျန် FPV ဒရုန်းဘောင် (Frame) – ၇ စုံ၊
မော်တာ၊ ဒရုန်းတပ်ကင်မရာ၊ ဒရုန်း Circuit Board အပါအဝင် ဆက်စပ်အပိုပစ္စည်း စုစုပေါင်း ၁၆ မျိုးတို့ဖြစ်သည်။
ဖြစ်စဉ်မှာ အကောက်ခွန်ဥပဒေ မလွတ်ကင်းသော FPV ဒရုန်းများကို မဲဆောက်မြို့နယ်သို့ သယ်ဆောင်ကာ မြန်မာနိုင်ငံဘက်သို့ မည်သည့်အကြောင်းရင်းမှန်း မသိရဘဲ ဆက်လက်ပို့ဆောင်မည်ဟူသော သတင်းအရ တာဝန်ရှိသူများက ပို့ဆောင်ရေးကုမ္ပဏီတစ်ခုအား ဝင်ရောက်စစ်ဆေးရာ ချင်းမိုင်မှ ပို့ဆောင်လိုက်သည့် မသင်္ကာဖွယ် ပါဆယ်သေတ္တာ ၂ သေတ္တာကို စတင်တွေ့ရှိခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက စောင့်ကြည့်စုံစမ်းခဲ့ရာ ပါဆယ်လက်ခံသူမှာ မင်းနီကျော် ဖြစ်ကြောင်း သိရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားဖြစ် ဒရုန်းနှင့် တပ်ဆင်ပစ္စည်းများ တွေ့ရှိခဲ့ရသည်။ ပစ္စည်းများ တင်သွင်းမှုဆိုင်ရာ စာရွက်စာတမ်းများ တောင်းဆိုရာ မင်းနီကျော်က ပြသနိုင်ခြင်း မရှိခဲ့ပေ။ ဆက်လက်၍ မင်းနီကျော်၏ အခန်းကို ဝင်ရောက်ရှာဖွေရာ ဒရုန်းများပါသည့် ပါဆယ်သေတ္တာ ၁ သေတ္တာ ထပ်မံတွေ့ရှိခဲ့သည်။
စစ်ဆေးမေးမြန်းရာတွင် တရားခံက မိမိမှာ ပါဆယ်ကို အစားလက်ခံပေးရုံမျှသာ ဖြစ်ကြောင်း၊ ပါဆယ်လက်ခံပြီးပါက မသိရှိသူတစ်ဦးက မော်တော်ယာဉ်ဖြင့် လာရောက်ယူဆောင်မည်ဖြစ်ပြီး မိမိအနေဖြင့် အခကြေးငွေလည်း မရရှိသလို ပါဆယ်ထဲတွင် မည်သည့်ပစ္စည်းများ ပါဝင်သည်ကိုလည်း မသိရှိပါဟု ငြင်းဆိုခဲ့သည်။
သို့သော်လည်း တာဝန်ရှိသူများက အဆိုပါထွက်ဆိုချက်ကို လက်မခံဘဲ အကောက်ခွန်ဥပဒေအရ “အကောက်ခွန် လုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးဘဲ တိုင်းပြည်အတွင်းသို့ တင်သွင်းလာသည် သို့မဟုတ် တိုင်းပြည်ပြင်ပသို့ ပို့ဆောင်သည်ဟု သိရှိလျက်နှင့် ပုန်းလျှိုးကွယ်လျှိုး ကူညီခြင်း၊ ရောင်းချရန် ကူညီခြင်း၊ သယ်ဆောင်ရန် ကူညီခြင်း၊ ဝယ်ယူခြင်း၊ ပေါင်နှံလက်ခံခြင်း သို့မဟုတ် မည်သည့်နည်းဖြင့်မဆို လက်ခံထားခြင်း” စသည့် စွပ်စွဲချက်များဖြင့် အရေးယူကာ မဲဆောက်မြို့နယ် ရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးခဲ့သည်။
သိမ်းဆည်းရမိသော ဒရုန်းများမှာ FPV (First-Person View) အမျိုးအစားများဖြစ်ပြီး ကင်မရာမှ တိုက်ရိုက်ရုပ်သံလိုင်းကို မောင်းနှင်သူထံ ထုတ်လွှင့်ပေးနိုင်သည့် နည်းပညာဖြစ်ကာ သာမန် စီးပွားရေးသုံး ဒရုန်းများနှင့်မတူဘဲ အရှိန်နှုန်း၊ လိုင်းထုတ်လွှင့်မှုစနစ် နှင့် ရှုပ်ထွေးသော ပတ်ဝန်းကျင်များတွင် ပျံသန်းနိုင်စွမ်း မြင့်မားသည့် ဒရုန်းများ ဖြစ်ကြပြီး စစ်ပွဲများတွင် အသေခံဒရုန်းအဖြစ်ပါ အဆင့်မြှင့်တင်အသုံးပြုနိုင်သည်။ ထို့ကြောင့် ယခု ဖမ်းဆီးရမိမှုသည် မှောင်ခိုကုန်စည် သယ်ဆောင်မှုကို တားဆီးရုံတင်မကဘဲ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် လုံခြုံရေးခြိမ်းခြောက်မှုများကို ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: MGR Online
