



၂၀.၇.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နွန်သာဘူရီပြည်နယ်တွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကြည့်ရှုပြီးနောက် အိမ်ပြန်လာသည့် အမျိုးသားတစ်ဦး မောင်းနှင်လာသော BMW ကားတစ်စီးမှာ တုတ်တုတ် (Tuk Tuk) သုံးဘီးတစ်စီးကို အိမ်ရာဝင်းတစ်ခု၏ လမ်းမပေါ်၌ ဇူလိုင်လ ၂၀ ရက်၊ နံနက်အစောပိုင်းက ဝင်တိုက်မိရာ တုတ်တုတ်ကားမောင်းသူနှင့် လိုက်ပါလာသည့် သက်ကြီးရွယ်အို ခရီးသည်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အသက် ၇၇ နှစ်နှင့် ၈၂ နှစ်အရွယ် ရှိကြသောအမျိုးသမီး ခရီးသည်နှစ်ဦးက ဒေသခံဈေးတွင် အချိုမုန့်များရောင်းရန် ၎င်းတို့ အိမ်မှ ထွက်လာကြချိန်တွင် ဘန်ဘူသောင်ခရိုင်၊ ဆာနိုလွိုင်းမြို့ရှိ အိမ်ရာဝင်းတစ်ခု၏ အဓိကလမ်းမကြီးပေါ်၌ နံနက် ၄ နာရီခွဲတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အရေးပေါ်ကယ်ဆယ်ရေးသမားများက အခင်းဖြစ်ပွားရာနေရာကို ဖုန်းဆက်ရာတွင် တုတ်တုတ်မောင်းသူ အမျိုးသမီးတစ်ဦးအပါအဝင် လူသုံးဦး သေဆုံးကြောင်း သတင်းရရှိခဲ့သည်။ ၎င်းတို့ကို ပြင်းထန်စွာ ပျက်စီးနေသည့် တုတ်တုတ်ဘေးတွင် လဲလျက် တွေ့ရှိခဲ့ရသည်။
အနီးအနားတွင်လည်း လမ်းဘေးသစ်ပင်တစ်ပင်နှင့် ဝင်တိုက်မိကာ ရှေ့ပိုင်းပျက်စီးနေသည့် အနက်ရောင် BMW ကားကို တွေ့ ရှိကြရသည်။
သေဆုံးသူ သက်ကြီးရွယ်အို နှစ်ဦး၏တူမ အသက် ၃၈ နှစ်အရွယ် နမ်ပလွိုင်းက သူမအိမ်မှာရှိနေပြီး အိပ်ယာမှနိုးနေကာ ယာဉ်တိုက်မှုအသံကို ကြားလိုက်ရသဖြင့် အပြင်ကို ပြေးထွက်ကြည့်ရာတွင် ၎င်း၏ အဒေါ်နှစ်ဦးကို ယာဉ်တိုက်မှု၌ သေဆုံးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံမီဒီယာများကို ပြောခဲ့သည်။
အသက် ၃၂ နှစ်အရွယ် BMW ကားမောင်းသူ Yossathorn က ၎င်းမှာလည်း အဆိုပါ အိမ်ရာတွင် နေထိုင်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို Ratchaphruek လမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ကြည့်ရှုပြန်လာခြင်းဟု ပြောခဲ့သည်။ ၎င်းအား အရက်သောက်ထားလား မေးမြန်းရာတွင် ပြန်မဖြေခဲ့ကြောင်း သိရသည်။
ဘန်ဘူသောင်ခရိုင်၊ ရဲတပ်ဖွဲ့၏ အဆိုအရ Yossathorn တွင် သွေး ၁၀၀ မီလီလီတာ၌ အရက်ပါဝင်မှု ၁၅၂ မီလီဂရမ် ရှိကြောင်း တွေ့ခဲ့ရသည်။ မောင်းနှင်မှုအတွက် တရားဝင်ကန့်သတ်ချက်မှာသွေး ၁၀၀ မီလီလီတာတွင် အရက်ပါဝင်မှု ၅၀ မီလီဂရမ် ဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် ပရသမ်ဟု အမည်ရသော တုတ်တုတ်ယာဉ်မောင်းတွင် ၇ တန်းနှင့် ၃ တန်းအရွယ် ပညာသင်ကြားနေသော ကလေးငယ်နှစ်ဦးရှိကြောင်း ၎င်း၏ ၄၉ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ရွန်ဆက်က ပြော ကြားခဲ့သည်။ မစ္စတာ ရွန်ဆက်က ၎င်း၏ဇနီးသည် သက်ကြီးရွယ်အို ဈေးသည်နှစ်ဦးကို နှစ်ပေါင်းများစွာ နေ့စဉ်ကြိုပြီး ဘန်ဘူသောင်ဈေးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းတို့စုံတွဲသည် နှစ် ၂၀ ကျော် အတူနေထိုင်ခဲ့ပြီး ယခုအခါ ၎င်းတို့၏ကလေးနှစ်ဦးကို တစ်ယောက်တည်း မွေးမြူရတော့မည်ဖြစ်ပြီး ၎င်းအားလုံးသည်မဖြစ်သင့်သော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုပင်ဖြစ်သည် ဟု မစ္စတာ ရွန်ဆက်က ပြောကြားခဲ့သည်။
BMW ယာဉ်မောင်းကို တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref- Bangkok Post
