



၂၅ .၇.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံမှာ လူငယ်တွေဦးဆောင်တဲ့ Cockroach Janta ပါတီ (CJP) က အိန္ဒိယအစိုးရ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန် ဇူလိုင်လ ၂၅ ရက်မှာ ရာထူးမှ နုတ်ထွက်ပြီး အစိုးရကလည်း သူတို့ရဲ့ အဓိက တောင်းဆိုချက်တွေကို လိုက်လျောဖို့ သဘောတူခဲ့အပြီး နာရီပိုင်းအကြာမှာ သူတို့ရဲ့ ပိုးဟပ်လှုပ်ရှားမှု ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။
စာမေးပွဲမေးခွန်းစာရွက်တွေ ပေါက်ကြားမှုနဲ့ စာမေးပွဲမသမာမှုတွေကြောင့် ရက်သတ္တပတ်များစွာ ဆန္ဒပြမှုတွေအပြီးမှာတော့ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်ဟာ ဆန္ဒပြသမားတွေတောင်းဆိုတဲ့အတိုင်း ရာထူးမှ နုတ်ထွက်ခဲ့ရတာပါ။
အစိုးရအဖွဲ့ က ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန် ရာထူးမှ နုတ်ထွက်ပေးတာအပြင် စာမေးပွဲ ပုံမှန်မဟုတ်မှုတွေကို ဖြေရှင်းဖို့၊ ထိခိုက်ခံရတဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ နဲ့ ဆန္ဒပြသူတွေအပေါ် တရားစွဲဆိုမှုတွေ မပြုဖို့ သဘောတူခဲ့ပါတယ်။
CJP က တကယ့်နိုင်ငံရေးပါတီတစ်ခုအနေနဲ့မဟုတ်ဘဲ သရော်စာလှုပ်ရှားမှုတစ်ခုကနေ အမျိုးသား လှုပ်ရှားမှု တစ်ခုအဖြစ် ပြောင်းလဲဆန္ဒပြခဲ့ကြတာပါ။
ပိုးဟပ်လှုပ်ရှားမှုဆန္ဒပြပွဲတွေက နှစ်ပေါင်းများစွာအတွင်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အစိုးရကို ဆန့်ကျင်တဲ့ သဘောထားကွဲလွဲမှုတွေကို အကြီးမားဆုံးပြသမှုတွေထဲမှ တစ်ခုဖြစ်လာခဲ့ပြီး ဆန္ဒပြပွဲတွေက တစ်နိုင်ငံလုံးပျံ့နှံ့သွားခဲ့သလို ထောင်ပေါင်းများစွာသောလူတွေလည်း ဒေလီမှာ စခန်းချ ဆန္ဒပြခဲ့ကြပါ တယ်။
အစာငတ်ခံ ဆန္ဒပြ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝန်ချက် ဟာ ဆေးရုံကို အတင်းအကြပ် ပို့ဆောင်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်က ဆန္ဒပြလှုပ်ရှားမှုဟာ ပိုလို့ အရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။ သူက ဇူလိုင်လ ၂၄ ရက်မှာတော့ ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်ခဲ့ပါတယ်။
လွှတ်တော်အဆောက်အအုံဆီကို ချီတက်နေတဲ့ ဆန္ဒပြသမားတွေကို ရဲတွေက နှိမ်နင်းမှုကြောင့်လည်း လူထုရဲ့ဒေါသကို နှိုးဆွပေးရာရောက်ခဲ့ပြီး ဆန္ဒပြမှုတွေက အရှိန်မြင့်လာခဲ့တာပါ။။
အကြီးတန်းတရားသူကြီးတစ်ဦးက အလုပ်လက်မဲ့လူငယ်အချို့ကို ပိုးဟပ် “Cockroach” ဆိုတဲ့ အသုံး အနှုန်းကို ခေါ်ဝေါ် အသုံးပြုပြီးနောက် ဆန္ဒပြသူတွေက သူတို့ရဲ့ ခံနိုင်ရည်နဲ့ ဆန့်ကျင်တွန်းလှန်မှုရဲ့ သင်္ကေတအဖြစ် ပိုးဟပ်ပါတီရယ်လို့ ပြန်လည်အမည်ပေး အသုံးပြုခဲ့ကြတာပါ။
Ref-bbc
