◾️ ပါလက်စတိုင်းတို့ကို အမြစ်ပြတ်ချေမှုန်းရန် တိုက်ခိုက်မည့်ရန်ပုံငွေရှာသူထံ မြန်မာနိုင်ငံသားက အမေရိကန်ဒေါ်လာ ၇၂ ဒေါ်လာကျော် လွှဲပြောင်းပေးခဲ့ဟုလည်း စွပ်စွဲခံထားရ
သတိုး
၂၈. ၇. ၂၀၂၆
စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးသည် ဂါဇာတွင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ကူညီဆောင်ရွက်ပေးရေး ရန်ပုံငွေများ ပေးပို့ခဲ့သဖြင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့မှုဖြင့် မနက်ဖြန် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၉ ရက်) တွင် တရားရုံး၌ တရားစွဲဆိုခံရမည် ဖြစ်သည်။
အဆိုပါအမျိုးသား၏ အစွန်းရောက် အွန်လိုင်းရေးသားတင်ပြချက်များကို အာဏာပိုင်များက သတိပြုမိခဲ့ပြီးနောက် ပြည်တွင်းလုံခြုံရေးဌာန (ISD) က စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် မူလကပင် အွန်လိုင်းမှ လေ့လာဖတ်ရှုခဲ့သည့် အကြောင်းအရာများမှတစ်ဆင့် အစွန်းရောက်ဝါဒ သွတ်သွင်းခံရခြင်းဖြစ်ကြောင်း ယူဆရသည်။
ပြည်ထဲရေးဝန်ကြီးဌာန (MHA) ၏ ပြောကြားချက်အရ အဆိုပါအမျိုးသားသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့၏ အစ္စရေးအပေါ် တိုက်ခိုက်မှုအပြီး အစ္စလာမ်မုန်းတီးရေးဆိုင်ရာ အကြောင်းအရာများကို ဖတ်ရှုခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်တွင် မွတ်စလင်များအပေါ် အပြင်းအထန် မုန်းတီးစိတ်များ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပါလက်စတိုင်း မွတ်စလင်များအပေါ် အကြမ်းဖက်မှုကို တရားသည်ဟု ယူဆသည့် အစွန်းရောက် ဇီယွန်ဝါဒဆိုင်ရာ ခံယူချက်များကိုလည်း လက်ခံယုံကြည်ခဲ့သည်။
“၂၀၂၅ ခုနှစ် အစောပိုင်းအရောက်မှာတော့ တရားခံဟာ လူမှုကွန်ရက်ပေါ်မှာ လက်ဝဲ/လက်ယာ အစွန်းရောက်ဝါဒနဲ့ ဂျူးဆန့်ကျင်ရေး အယူအဆတွေကို ဖတ်ရှုလေ့လာခဲ့ပြီးတဲ့နောက် ဂျူးလူမျိုးတွေ အပေါ်မှာပါ ပြင်းထန်တဲ့ မုန်းတီးရေးစိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်” ဟု MHA က ပြောကြားခဲ့သလို “သူဟာ ဂျူးတွေ၊ မွတ်စလင်တွေနဲ့အတူ ဥရောပသို့ ပြောင်းရွှေ့နေထိုင်သူတွေ၊ LGBT အသိုင်းအဝိုင်းလိုမျိုး လက်ယာစွန်း အစွန်းရောက် (Far-right) တွေ ပစ်မှတ်ထားလေ့ရှိတဲ့ အခြားအုပ်စုတွေအပေါ် အကြမ်းဖက်မှုပြုလုပ်ခြင်းကို ထောက်ခံကြောင်း အွန်လိုင်းမှာ စတင်ရေးသားခဲ့ပါတယ်”ဟုလည်း ဆိုသည်။
ISD ၏ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါအမျိုးသားသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူမှုကွန်ရက် X (ယခင် Twitter) ပေါ်၌ ဆက်သွယ်ခဲ့သည့် ပြည်ပအခြေစိုက် ပုဂ္ဂိုလ်တစ်ဦးထံ ငွေကြေးလွှဲပြောင်းပေးခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါပုဂ္ဂိုလ်သည် စစ်ရေးအသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ရန်ပုံငွေရှာဖွေနေခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့ပြီး အဆိုပါ ပစ္စည်းများကို အရပ်သားများအပါအဝင် ပါလက်စတိုင်းလူမျိုးများကို အမြစ်ပြတ်ချေမှုန်းရန် ဂါဇာစီးတီး၌ တိုက်ခိုက်မှုပြုလုပ်ရာတွင် အသုံးပြုမည်ဟု တရားခံက ယူဆခဲ့ကြောင်း MHA က ဆိုသည်။
ယင်းအမှုကို စီးပွားရေးရာမှုခင်းဌာန (CAD) သို့ လွှဲပြောင်းပေးခဲ့ရာ အဆိုပါအမျိုးသားသည် X သုံးစွဲသူက သတ်မှတ်ပေးထားသည့် PayPal အကောင့်များသို့ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၂၈ ဒေါ်လာ လွှဲပြောင်းပေးခဲ့ပြီး ထပ်မံ၍ ၁ ဒေါ်လာ ပေးပို့ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
“အကြမ်းဖက်မှု ရည်ရွယ်ချက်တွေကို ကူညီဖို့ ငွေကြေး ထောက်ပံ့တာဟာ (ပမာဏ ပမာဏပဲဖြစ်ဖြစ်) အကြမ်းဖက်မှုကို ဘဏ္ဍာရေးအရ နှိမ်နင်းရေး အက်ဥပဒေ ၂၀၀၂ (Terrorism (Suppression of Financing) Act 2002) အရ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပါတယ်” ဟု MHA က ပြောသည်။
ယင်းသို့ ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက စင်ကာပူဒေါ်လာ ၅၀၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်အပြင် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်။
“အကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှုကို ဘဏ္ဍာရေးအရ ထောက်ပံ့တာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေကို ရန်ပုံငွေနဲ့ ပစ္စည်းကိရိယာတွေ မရရှိနိုင်အောင် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်” ဟု MHA က ဆိုသည်။
ထို့အတူ “စင်ကာပူဟာ ဒီကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုမှာ ပါဝင်နေပြီး ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ အကြမ်းဖက်မှုတွေကို ကူညီဖို့အတွက် ငွေကြေးတွေကို အသုံးပြုတာမျိုး မရှိစေရေး အကြမ်းဖက်မှု ထောက်ပံ့ခြင်းကို တိုက်ဖျက်ဖို့ အခိုင်အမာ ကတိပြုထားပါတယ်။ စင်ကာပူကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ပြည်တွင်း ဒါမှမဟုတ် ပြည်ပမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်တာ ဒါမှမဟုတ် ထောက်ပံ့တာတွေကို ကျွန်တော်တို့ လုံးဝခွင့်မပြုဘဲ ထိရောက်စွာ အရေးယူသွားမှာပါ”ဟုလည်း ဆက်လက်ပြောသည်။
မည်သို့သော အယူအဆများဖြင့် အကြောင်းပြသည်ဖြစ်စေ၊ အကြမ်းဖက်မှု မည်သည့်နေရာတွင်မဆို ဖြစ်ပွားသည်ဖြစ်စေ စေခိုင်းခြင်း၊ မြှောက်ပေးခြင်း၊ လက်နက်ကိုင် အကြမ်းဖက်မှုတွင် ပါဝင်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်သူ မည်သူ့ကိုမဆို အာဏာပိုင်များအနေဖြင့် ပြတ်ပြတ်သားသား အရေးယူရန် တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။
“ပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခုထံ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်တစ်ခုခုကို ကူညီဆောင်ရွက်ပေးရန် သို့မဟုတ် ပြုလုပ်ရန်အတွက် မည်သည့်ပမာဏကိုမျှ ငွေလွှဲပေးခြင်း၊ ဝန်ထမ်း၊ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် မည်သည့်ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းမှ မပြုလုပ်ကြရန် နှိုးဆော်အပ်ပါသည်”ဟုလည်း ပါရှိပြီး “ထိုကဲ့သို့သော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းအချက်အလက် ရရှိသူများအနေဖြင့် အာဏာပိုင်များထံ ချက်ချင်း အကြောင်းကြားသင့်ပါသည်”ဟုလည်း တိုက်တွန်းထားသည်။
ဘာသာပြန်အယ်ဒီတာ့မှတ်ချက်။ လက်ယာစွန်း အစွန်းရောက် (Far-right) အုပ်စုတွေရဲ့ အယူအဆဟာ အမုန်းတီးရေးကို အခြေခံတာကြောင့် မွတ်စလင်တွေကို မုန်းသလို ဂျူးလူမျိုးတွေကိုလည်း မုန်းတီးကြပါတယ် (Anti-Semitism)၊ ဒါ့အပြင် ပြောင်းရွှေ့နေထိုင်သူတွေ (Immigrants) နဲ့ LGBT အသိုင်းအဝိုင်းတွေကိုပါ ပစ်မှတ်ထား မုန်းတီးကြတာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ အွန်လိုင်းပေါ်က အစွန်းရောက် သတင်းအချက်အလက်မျိုးစုံကို စိစစ်မှုမရှိဘဲ ဖတ်ရှုလက်ခံရင်း အရာရာကို “အစွန်းရောက် သဘောထား/အယူအဆ (Radicalisation) အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း သဘောဖြစ်ပါတယ်။
Ref : CNA
