၂၈.၇.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ သထုံမြို့၊ သထုံ-ဘားအံကားလမ်း၊ ဘင်လှိုင်အရှေ့ပိုင်း ဟိန္ဒုဘုရားကျောင်းရှေ့ လမ်းဘေးတွင် ရပ်ထားသော တွဲကားကို သုံးဘီးယာဥ်ဝင်တိုက်ရာမှ သုံးဘီးမောင်းအမျိုးသားတစ်ဦး သေဆုံးမှု ဇူလိုင်လ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
သုံးဘီးယာဥ်က ရပ်ထားသော တွဲကားကို အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် အသက် ၄၆ နှစ်အရွယ် သုံးဘီးယာဥ်မောင်း ဦးသန်းထွန်းနိုင်ကို အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သိရသည်။
“မိုးကလည်း အရမ်းရွာတာဆိုတော့ မမြင်မိတာနေမယ်။ ကားတွေကလည်း ရပ်ထားရင် မီးတွေမဖွင့်ထားဘူး။ ကားတွေကလည်း မရပ်သင့်တဲ့နေရာမှာရပ်တယ်”ဟု သထုံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုးသားမှာ သထုံမြို့ သုဓမ္မဝတီမြို့သစ်၊ (ဃ) ရပ်ကွက်၊ (၇) လမ်းတွင် နေထိုင်သူဖြစ်ပြီး ဇနီးသည်နှင့် သားသမီး ငါးဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို သထုံမြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် သုဓမ္မဝတီမြို့သစ် သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။



