၁၈.၇.၂၀၂၆
Written by Linn Eain
ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသည့် စက်လှေပေါ်မှ ငွေကျပ် ခုနစ်ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများအပါအဝင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၀ ဘီလီယံကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (CCDAC MYANMAR)၏ ဇူလိုင် ၁၇ ရက်၊ ညပိုင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၆ ရက်၊ ည ၁၀ နာရီတွင် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာသည့် GOVZCT ၆ ဘီးယာဉ်ပေါ်မှ ICE (မက်သ်အဖက်တမင်း) ၅၀၀ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် ၇ ရက် ည ၇ နာရီခွဲတွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်တို့ကို မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းဆုံတွင်လည်းကောင်း၊ ဇူလိုင် ၈ ရက်၊ နံနက် ၈ နာရီခွဲတွင် မျိုးသန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၌ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ ဇူလိုင် ၈ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ဝေထွန်း ပိုင်ဆိုင်သည့် ဒလမြို့၊ မှော်စက်ရပ်ကွက်၊ ရန်ကုန်မြစ်ကမ်းတွင် စိုက်ကပ်ထားသော မိဘမေတ္တာ(၁)စက်လှေပေါ်မှ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့ ၁၀ ဦး အား ICE (မက်သ်အဖက်တမင်း) ၃၁၀ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၇၅ ဘီလီယံ) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထံမှ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ ဖမ်းဆီးရမိ ICE (မက်သ်အဖက်တမင်း)များကို ပင်လယ်ပြင်သို့သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဦးအား ကွမ်းခြံကုန်းမြို့နယ်၌ လည်းကောင်း၊ ရာဇာဟိန်းအား ဗိုလ်တထောင်မြို့နယ်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ICE (မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့ တာဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ရန်ကြားရှော(ခ)ရန်ကုလား(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မှ ပင်လယ်ပြင်သို့ တင်ပို့ရာတွင် အဓိက စီမံခန့်ခွဲသူမှာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ ဝေထွန်း(ဖမ်းဆီးရန်ကျန်)၊ ဝီလျံထွန်းကုမ္ပဏီ ပိုင်ရှင်ဆိုသူဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
မှော်ဘီမြို့နယ်နေ ဝေထွန်းနှင့်အတူ ပူးပေါင်းပါဝင်သော ဝီလျံထွန်းကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သည့် ဒေါပုံမြို့၊ နွယ်အေးရပ်ကွက်နေ မြတ်သူ(ဖမ်းဆီးရန်ကျန်)၊ တာမွေမြို့နယ်နေ ရာဇာဟိန်း(ခ)ရာဇာ၊ မြောက်ဒဂုံမြို့နယ်နေ မျိုးသန်းတို့သည် ရန်ကုန်မှတစ်ဆင့် ပင်လယ်ပြင်သို့ သယ်ဆောင်ရောင်းဝယ်ခဲ့သူများဖြစ်သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်မှုအရ သိရသည်။
