သတိုး
၁၁. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားသည့်အပြင် မြန်မာနိုင်ငံရှိ AA၊ KIA နှင့် ချင်းလက်နက်ကိုင် စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် အကြမ်းဖက်ပူးပေါင်းကြံစည်မှုဖြင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ တရားစွဲဆိုခြင်းခံထားရသူ အမေရိကန်နိုင်ငံသား မက်သရူး အာရွန် ဗန်ဒိုက် (Matthew Aaron VanDyke) က နယူးဒေလီမြို့ တီဟာ (Tihar) အကျဉ်းထောင်အတွင်း “အမေရိကန်စတိုင် အစားအစာ” စားသောက်ခွင့်ပြုရန် လျှောက်ထားမှုကို လာမည့် ဇူလိုင် ၂၁ ရက်တွင် ဒေလီတရားရုံးက ဆက်လက်ကြားနာမည်ဖြစ်သည်။
၎င်းသည် ထောင်တွင်း၌ ကျွေးမွေးသည့် “စပ်လွန်း၊ ဆီများလွန်းပြီး ဆီကြော်မုန့်များ” ကို မစားနိုင်ဘဲ ရက်ပေါင်း ၅၀ ခန့် အစာငတ်ခံဆန္ဒပြနေကြောင်း ၎င်း၏ရှေ့နေများက တရားရုံးသို့ ပြောကြားခဲ့သည်။ ဗန်ဒိုက်သည် မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယဆန့်ကျင်ရေးအဖွဲ့များနှင့် EAOs များကို သင်တန်းမပေးမီ လစ်ဗျား၊ ယူကရိန်းနှင့် အခြားနေရာများတွင်လည်း “သူပုန်များ” နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။
လတ်တလော ကြားနာမှုတွင် NIA က ယခုလျှောက်လဲချက်အပေါ် တုံ့ပြန်ချက်တင်သွင်းမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး တီဟာထောင်အာဏာပိုင်များကမူ တုံ့ပြန်ရန် အချိန်တောင်းဆိုခဲ့သည်။ နယူးဒေလီရှိ ပတီယာလာဟောက်စ် (Patiala House) တရားရုံးမှ NIA အမှုများကို စစ်ဆေးသည့် အထူးတရားသူကြီး Mr. Prashant Sharma က ယခုအမှုကို ဇူလိုင် ၂၁ ရက်တွင် ထပ်မံကြားနာရန် ရက်ချိန်းပေးခဲ့သည်။
ရှေ့နေများဖြစ်ကြသည့် စာမတ် ရိုဟစ်ဒန်ဒရီယယ် (Rohit Dandriyal) နှင့် ရိုဟစ်ဂေါင် (Rohit Gour) တို့ တင်သွင်းသည့် လျှောက်လွှာတွင် အသက် ၄၅ နှစ်အရွယ် ဗန်ဒိုက်သည် အစာငတ်ခံဆန္ဒပြနေစဉ်အတွင်း အရည်များကိုသာ အဓိကအားပြုမှီဝဲနေရသဖြင့် ပဲနို့ (Soy milk) စဉ်ဆက်မပြတ် ထောက်ပံ့ပေးရန်လည်း တောင်းဆိုထားသည်။

◾️ ထောင်တွင်းအစားအစာက ကျန်းမာရေးကို ထိခိုက်စေဟု ဗန်ဒိုက်ဆို
ဗန်ဒိုက်သည် ၎င်း၏ စားသောက်မှုအလေ့အထကြောင့်လည်းကောင်း၊ ထောင်တွင်း၌ ပုံမှန်ကျွေးမွေးသည့် စပ်လွန်း၊ ဆီများလွန်းပြီး ဆီကြော်အစားအစာများကို မခံနိုင်ခြင်းကြောင့်လည်းကောင်း ပုံမှန်ထောင်စာများကို မစားနိုင်ဘဲဖြစ်နေရကြောင်း ၎င်း၏လျှောက်လွှာတွင် ဖော်ပြထားသည်ဟု PTI သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ရေရှည်အစာငတ်ခံဆန္ဒပြမှုကြောင့် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေ သိသိသာသာ ဆိုးရွားလာပြီး အလွန်အမင်း အားအင်ချည့်နဲ့ကာ ကိုယ်ခံအားစနစ် ကျဆင်းလာကြောင်း လျှောက်လွှာတွင် ပါရှိသည်။ ၎င်း တရားရုံးသို့ ရောက်ရှိလာချိန်တွင် မတ်တပ်မရပ်နိုင်ဘဲ သိသိသာသာ ပိန်ချုံးနေကာ တရားရုံးသို့ လျှောက်လဲတင်ပြရန်ပင် အတော်ပင်ပန်းနေရသည့်အတွက် ၎င်း၏အခြေအနေ ဆိုးရွားမှုကို မြင်တွေ့နိုင်ခဲ့သည်။ ရေရှည်အာဟာရချို့တဲ့မှုကြောင့် ဗန်ဒိုက်၏ အမြင်အာရုံကိုပါ ထိခိုက်လာကြောင်း လျှောက်လဲချက်တွင် ဖော်ပြထားသည်။
၎င်း၏ရှေ့နေများက ယခုတောင်းဆိုချက်သည် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံအချက်” သက်သက်ဖြင့် တောင်းဆိုခြင်းဖြစ်ပြီး အထူးစီမံပေးရမည့် အစားအစာစရိတ်များကို ၎င်း၏မိသားစုက ကျခံရန် အသင့်ရှိကြောင်း တင်ပြခဲ့ကြသည်။

◾️ ဗန်ဒိုက်၏ လျှောက်လဲချက်တွင် ဘာတွေတောင်းဆိုထားသလဲ
ဗန်ဒိုက်၏ တောင်းဆိုချက်တွင် ၎င်း၏ ပုံမှန်စားသောက်မှုပုံစံနှင့် ကိုက်ညီသည့် ပါစတာ၊ ကြက်သား၊ ငါး၊ သံလွင်ဆီနှင့် အခြားအစားအစာများ ပေးပို့ခွင့်ပြုရန် တောင်းဆိုထားသည်။ ထို့ပြင် အကျဉ်းထောင်အတွင်း အခြေခံချက်ပြုတ်ရေးပစ္စည်းများကို အသုံးပြု၍ မိမိဘာသာ ချက်ပြုတ်စားသောက်ခွင့်ပြုရန်လည်း ၎င်းက ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။
ယခုကိစ္စသည် ယခင်ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃ ရက်နေ့က တရားရုံးသည် ဗန်ဒိုက်နှင့် အခြားတရားခံများ၏ ချုပ်ရက်ကို ဩဂုတ် ၁ ရက်အထိ တိုးမြှင့်ခဲ့စဉ်က ဗန်ဒိုက်သည် ထောင်စာမစားဘဲ ဖျော်ရည်နှင့် ပဲနို့အပါအဝင် အရည်များကိုသာ မှီဝဲနေရကြောင်းနှင့် ပြင်ပအစားအစာ မှာယူခွင့်လျှောက်လွှာကို မကြာမီ တင်သွင်းမည်ဖြစ်ကြောင်း သတင်းမြစ်များကို ကိုးကား၍ PTI က ဖော်ပြခဲ့သည်။ အဆိုပါနေ့က ဗန်ဒိုက်ကို ဝှီးချဲ (Wheelchair) ဖြင့် တရားရုံးသို့ ခေါ်ဆောင်လာခဲ့ရသည်။
◾️ အမှုနောက်ခံအကြောင်းရင်းက ဘာလဲ
ဗန်ဒိုက်ကို မတ်လ ၁၃ ရက်နေ့က ဒေလီလေဆိပ်တွင် NIA က ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသား ၆ ဦးကိုလည်း ထိုနေ့တွင်ပင် ဒေလီ၊ ကော်လ်ကတ္တားနှင့် လခ်နောင်း (Lucknow) လေဆိပ်များတွင် ဖမ်းဆီးခဲ့သည်။ ဗဟိုပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အေဂျင်စီက ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မ ၁၈ အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအေဂျင်စီ၏ အဆိုအရ တရားခံများသည် ကမ္ဘာလှည့်ခရီးသွားဗီဇာ (Tourist Visa) များဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး လိုအပ်သည့် ခွင့်ပြုချက်မရှိဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ကာ၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည်။ ယင်းနောက် မြန်မာနိုင်ငံအခြေစိုက် AA၊ KIA နှင့် ချင်းလက်နက်ကိုင် စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဒရုန်းဖြင့်စစ်ဆင်ရေးဆင်နွှဲမှု၊ ဒရုန်းမောင်းနှင်မှု၊ ဒရုန်းတပ်ဆင်မှုနှင့် လှိုင်းနှောင့်ယှက်ခြင်းဆိုင်ရာ နည်းပညာ (Jamming technology) များကို သင်တန်းပေးခဲ့သည်ဟု ဆိုထားသည်။
ယခုလုပ်ဆောင်ချက်များသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းကြံစည်မှုတစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်း NIA က စွပ်စွဲထားသည်။
အေဂျင်စီက စုံစမ်းစစ်ဆေးမှု နယ်ပယ်သည် “အလွန်ကျယ်ပြန့်” ပြီး အကြမ်းဖက်မှု ကျူးလွန်ခြင်းသာမက “လှုံ့ဆော်ခြင်း၊ အားပေးကူညီခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း” များကိုပါ အကျုံးဝင်ကြောင်း ဖော်ပြထားသည်။ ယခုအမှုသည် အိန္ဒိယတစ်ဝန်းနှင့် နိုင်ငံဖြတ်ကျော် ဆက်နွှယ်မှုများရှိသည့် “နက်ရှိုင်းသော ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှု” ဖြစ်သဖြင့် UAPA ဥပဒေအရ စုံစမ်းစစ်ဆေးရေးကာလကို ရက်ပေါင်း ၉၀ မှ ၁၈၀ အထိ တိုးမြှင့်ခွင့်ကိုလည်း NIA က တရားရုံးထံမှ ရယူထားခဲ့သည်။
သိမ်းဆည်းရမိထားသည့် အီလက်ထရွန်နစ်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာရန်၊ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်များကို စစ်ဆေးရန်၊ ရန်ပုံငွေရရှိသည့် လမ်းကြောင်းများကို ရှာဖွေရန်နှင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းကြံစည်မှုကို စုံစမ်းစစ်ဆေးရန် အချိန်ထပ်မံလိုအပ်ကြောင်း အေဂျင်စီက ဆိုသည်။ ထို့ပြင် ဗဟိုမှုခင်းသိပ္ပံဓာတ်ခွဲခန်း (CFSL) တွင် မှုခင်းဆေးပညာအရ စစ်ဆေးနိုင်ရန် တရားခံ ၇ ဦးစလုံး၏ အသံနမူနာများကို တောင်းခံထားသည်။ ANI သတင်းအရ တရားခံများကလည်း အသံနမူနာပေးရန် သဘောတူညီခဲ့ကြသည်။
◾️ မက်သရူး အာရွန် ဗန်ဒိုက် ဆိုတာ ဘယ်သူလဲ
အိန္ဒိယတွင် မဖမ်းဆီးခံရမီက ဗန်ဒိုက်သည် အမေရိကန် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ စေတနာ့ဝန်ထမ်းနှင့် အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် ဒေသခံတပ်ဖွဲ့များကို သင်တန်းပေးသည်ဟုဆိုသော အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်း Sons of Liberty International (SOLI) ကို တည်ထောင်သူအဖြစ် နိုင်ငံတကာတွင် လူသိများသည်။
အရှေ့အလယ်ပိုင်းတစ်ခွင် ဆိုင်ကယ်ဖြင့် ခရီးသွားရင်း မှတ်တမ်းတင်ခဲ့သူဟောင်း ဗန်ဒိုက်သည် ၂၀၁၁ ခုနှစ် လစ်ဗျားပုန်ကန်မှုအတွင်း မူအာမာ ကဒါဖီ (Muammar Gaddafi) ဆန့်ကျင်ရေး သူပုန်များနှင့် ပူးပေါင်းခဲ့ပြီး ဖမ်းဆီးခြင်းခံခဲ့ရကာ လအနည်းငယ်ကြာ အကျဉ်းချခံရပြီးမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် ၎င်းသည် ထိုအတွေ့အကြုံများကို ‘Point and Shoot’ အမည်ရှိ ဆုရမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။
ထို့နောက်ပိုင်းနှစ်များတွင် ဗန်ဒိုက်သည် SOLI အဖွဲ့မှတစ်ဆင့် အီရတ်နှင့် ယူကရိန်းအပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ စေတနာ့ဝန်ထမ်းတပ်ဖွဲ့များကို သင်တန်းပေးခြင်းများတွင် ပါဝင်ပတ်သက်လာခဲ့သည်။ ၎င်း၏ လုပ်ဆောင်ချက်များသည် ချီးမွမ်းမှုရော ဝေဖန်စစ်ဆေးမှုများကိုပါ ခံခဲ့ရသည်။ ဟိန္ဒူစတန်တိုင်းမ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဗန်ဒိုက်ကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သည့် အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာ Mr. William Devlin က ဗန်ဒိုက်သည် မြန်မာနိုင်ငံတွင် “လူတွေကို သင်တန်းပေးနေတယ်” ဟု မိမိကို ပြောပြခဲ့ဖူးသော်လည်း အသေးစိတ်ကိုမူ မသိရှိကြောင်း ပြောကြားခဲ့သည်။
SOLI အဖွဲ့ကို လေ့လာခဲ့သည့် သုတေသီများကမူ ယင်းအဖွဲ့သည် ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ NGO အဖွဲ့နှင့် ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာအဖွဲ့အစည်း (လုံခြုံရေးကုမ္ပဏီ) ကြား နယ်ပယ်တစ်ခုတွင် လှုပ်ရှားနေသည့် အဖွဲ့အစည်းအဖြစ် ဖော်ပြကြသော်လည်း SOLI ကမူ မိမိတို့သည် ကြေးစားစစ်သားအဖွဲ့မဟုတ်ဘဲ ဒေသခံမိတ်ဖက်များနှင့်သာ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ငြင်းဆိုထားသည်။
ဗန်ဒိုက်၏ လူထုပုံရိပ်တွင် ဘာသာရေးကလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း HT က ဖော်ပြသည်။ ၎င်းက မိမိကိုယ်ကို သစ္စာရှိသော ခရစ်ယာန်ဘာသာဝင်တစ်ဦးအဖြစ် ဖော်ပြပြီး ၎င်း၏ယုံကြည်မှုက ပြည်ပရှိ လက်နက်ကိုင်တိုက်ပွဲများတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ကို ပုံဖော်ပေးခဲ့ကြောင်း ဆိုသည်။ သင်းအုပ်ဆရာ Mr. Devlin က ဗန်ဒိုက်သည် ၎င်း၏အလုပ်ကို ထိခိုက်လွယ်သည့် လူ့အဖွဲ့အစည်းများကို ကာကွယ်ရန် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောသည်။ သို့သော် သုတေသီများကမူ ၎င်း၏ တွန်းအားများကို ဘာသာရေးသက်သက်ဟု မသတ်မှတ်ရန် သတိပေးထားပြီး၊ ၎င်း၏ လှုပ်ရှားမှုများသည် လမ်းစဉ်ဆိုင်ရာ ယုံကြည်ချက်၊ စစ်ရေးသင်တန်းများနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေသည် အမည်တပ်ထားသည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများကို ပံ့ပိုးကူညီမှုများ ရောယှက်နေခြင်းကို ထင်ဟပ်နေကြောင်း ဆိုသည်။ ဗန်ဒိုက်သည် လစ်ဗျား၊ အီရတ်နှင့် ယူကရိန်းတို့ရှိ ၎င်း၏လုပ်ဆောင်ချက်များကို လူသိရှင်ကြား မှတ်တမ်းတင်ထားသော်လည်း ၎င်း၏ ပြည်ပသင်တန်းပေးမှု အချို့၏ ဥပဒေကြောင်းအရ အခြေခံအပေါ်တွင်မူ ယခင်ကတည်းက မေးခွန်းထုတ်မှုများ ရှိခဲ့သည်။
လက်ရှိအချိန်အထိ NIA အမှုနှင့်ပတ်သက်၍ စွဲချက်တင်ချက် (Chargesheet) ကို စောင့်ဆိုင်းနေဆဲဖြစ်သဖြင့် ဗန်ဒိုက်၏ တုံ့ပြန်မှုများသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များအပေါ်တွင်သာ ရှိနေသေးသည်။
Ref : HT
