သတိုး
၁၁. ၈. ၂၀၂၆
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံအနောက်တောင်ပိုင်းရှိ မငြိမ်မသက်ဖြစ်နေသော ဘာလိုချီစတန် (Balochistan) ပြည်နယ်အတွင်း ရက်ပေါင်းများစွာကြာ စစ်ဆင်ရေးများ ဆင်နွှဲခဲ့ရာတွင် သူပုန်ဟု သံသယရှိသူ ၇၅ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ယခုစစ်ဆင်ရေးသည် မကြာသေးမီက ရဲတပ်ဖွဲ့အပေါ် အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အကြီးစား စစ်ဘက်ဆိုင်ရာ နှိမ်နင်းမှုတစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပါကစ္စတန်ကြည်းတပ်၊ နယ်ခြားစောင့်တပ် (Frontier Corps) နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်များဖြင့် ပံ့ပိုးကူညီထားသည့် အဆိုပါစစ်ဆင်ရေးများသည် ဥပဒေပြင်ပအဖွဲ့အစည်းအဖြစ် ပိတ်ပင်ထားသော ဘာလိုချီလွတ်မြောက်ရေးတပ်မတော် (BLA) မှ သူပုန်များက ယခုသီတင်းပတ်အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမြစ်များကို ကိုးကား၍ Associated Press သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယခုကဲ့သို့ စစ်ရေးအရှိန်မြှင့်လာမှုသည် အီရန်၊ အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ ဗဟိုချက်မဖြစ်သောကြောင့် မဟာဗျူဟာမြောက် အရေးပါသည့် ဘာလိုချီစတန်ပြည်နယ်အတွင်း ခွဲထွက်ရေးအုပ်စုများ၏ နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ဖြစ်ပွားလာခြင်းဖြစ်သည်။
ဘလိုချီစတန်အစိုးရ၏ ပြောကြားချက်အရ အကြမ်းဖက်မှုများသည် တနင်္လာနေ့ညပိုင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကွတ်တာမြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ရေပေးဝေနေသည့် အဓိကရေလှောင်တမံဖြစ်သော မန်ဂီဆည် (Mangi Dam) အနီးရှိ ရဲကင်းစခန်းတစ်ခုကို BLA သူပုန်အမြောက်အမြားက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပထမအကြိမ် တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သူပုန် ၁၅ ဦး သေဆုံးခဲ့သည်။ ထို့ပြင် တိုက်ခိုက်သူများသည် ရဲတပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်ပေးဆွဲသွားခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို နောက်ပိုင်းတွင် အနီးနားရှိ တောင်တန်းများပေါ်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်များသည် မျက်စိကို အဝတ်စည်း၍ သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံထားရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် လေကြောင်းနှင့် မြေပြင်စစ်ကူများ သုံးစွဲကာ ဒေသတစ်ဝန်းတွင် ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။
ယခုနှိမ်နင်းမှုအတွင်း သူပုန် ၇၅ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသော်လည်း စစ်တပ်၏ ထုတ်ပြန်ချက်အပေါ် သီးခြားအတည်ပြုချက်ကိုမူ လတ်တလော မရရှိနိုင်သေးပေ။
ကြာသပတေးနေ့က ကွတ်တာမြို့သို့ သွားရောက်ခဲ့သည့် ဝန်ကြီးချုပ် Mr. Shehbaz Sharif သည် သေဆုံးသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးစီ၏ မိသားစုအတွက် ပါကစ္စတန်ရူပီးငွေ ၁၁ ဒသမ ၁ သန်း (အမေရိကန်ဒေါ်လာ ၃၉,၀၀၀ ခန့်) စီ နစ်နာကြေးပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် အကျယ်ပြန့်ဆုံးဖြစ်သော်လည်း လူဦးရေအနည်းဆုံးဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (သို့မဟုတ်) လွတ်လပ်ရေး တောင်းဆိုနေကြသည့် ဘာလိုချီတိုင်းရင်းသားအုပ်စုများ ဦးဆောင်သော ဆယ်စုနှစ်များစွာကြာ ခွဲထွက်ရေးသူပုန်ထမှုများနှင့် ရင်ဆိုင်နေရသည့် ဒေသဖြစ်သည်။
အဆိုပါပြည်နယ်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်တွင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် အဓိက အခြေခံအဆောက်အအုံစီမံကိန်းများ တည်ရှိရာနေရာလည်း ဖြစ်သောကြောင့် အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) နှင့် ပေကျင်း (တရုတ်အစိုးရ) တို့အတွက် မဟာဗျူဟာမြောက် အလွန်အရေးပါလှသည်။ သို့ဖြစ်ရာ သူပုန်များသည် ဒေသတွင်းရှိ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များကိုတင်မကဘဲ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် လုပ်ငန်းများကိုပါ အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။
Ref: Indian Express
