သတိုး
၁၁. ၈. ၂၀၂၆
ဗီယက်နမ်နိုင်ငံ ဖူးကောက် (Phu Quoc) ကျွန်းအနီးတွင် ယနေ့ (ဇူလိုင် ၁၁ ရက်) ညနေပိုင်းက အိန္ဒိယကမ္ဘာလှည့်ခရီးသွား အများအပြား လိုက်ပါလာသည့် အမြန်ရေယာဉ်တစ်စင်း တိမ်းမှောက်ခဲ့သဖြင့် ဒေသခံအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ် လုပ်ဆောင်နေရသည်။
ဗီယက်နမ်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယခုဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်နေပြီး ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။
သံရုံး၏ လူမှုကွန်ရက် X စာမျက်နှာတွင် ဖော်ပြချက်အရ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သဖြင့် ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိခိုက်ခံရသူများ၏ မိသားစုဝင်များအား သတင်းအချက်အလက်နှင့် အကူအညီများ ပေးနိုင်ရန်အတွက် ဟိုချီမင်းစီးတီးတွင် ထိန်းချုပ်ရေးခန်းမ (Control Room) တစ်ခုကိုလည်း သံရုံးက ဖွင့်လှစ်ပေးထားကြောင်း ကြေညာခဲ့သည်။
ဗီယက်နမ်သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် VnExpress International ၏ ဖော်ပြချက်အရ Ocean Pear Island ကုမ္ပဏီက ပြေးဆွဲသည့် အဆိုပါအမြန်ရေယာဉ် (Speedboat) ပေါ်တွင် အိန္ဒိယကမ္ဘာလှည့်ခရီးသွား ၃၂ ဦးနှင့် ရေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာခဲ့ပြီး၊ ဇူလိုင် ၁၁ ရက်က ဗီယက်နမ်၏ အကြီးဆုံးကျွန်းဖြစ်သော ဖူးကောက်ကျွန်းအနီးရှိ ဟွန်မေရုဒ်ငွိုင် (Hon May Rut Ngoai) အနီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါရေယာဉ်သည် ဟွန်မေရုဒ် (Hon May Rut) မှ ဖူးကောက်လေဆိပ်နှင့် ၂၅ ကီလိုမီတာခန့် ကွာဝေးသည့် အန်သောက် (An Thoi) ဆိပ်ကမ်းသို့ ခရီးနှင်လာစဉ် ဟွန်မေရုဒ်ငွိုင်နှင့် မီတာ ၄၀၀ ခန့်အကွာ၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ရေယာဉ်ပေါ်ပါသူအားလုံး ရေထဲသို့ ပြုတ်ကျခဲ့ကြသည်။
ယခုမတော်တဆမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပြီး ကျန်ရှိနေသည့် ခရီးသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
အမြန်ရေယာဉ် တိမ်းမှောက်ပြီးနောက် မကြာမီတွင်ပင် ဒေသခံအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ အနီးနားရှိ အခြားခရီးသွားလှေအချို့ကလည်း ရေယာဉ်တိမ်းမှောက်နေသည်ကို မြင်တွေ့ရသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းလာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီခဲ့ကြသည်။
သတင်းဖော်ပြချက်များအရ အခင်းဖြစ်ပွားချိန်တွင် အန်သောက်ဆိပ်ကမ်းအလွန် ပင်လယ်ပြင်၌ လှိုင်းလေပြင်းထန်နေကြောင်း သိရသည်။ ထိုအချိန်တွင် မိုးရွာသွန်းခြင်း မရှိသော်လည်း အဆိုပါဧရိယာအတွင်း ကမ္ဘာလှည့်ခရီးသွားလှေများ ပုံမှန်ပြေးဆွဲ လှုပ်ရှားနေချိန်တွင် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref: Firstpost (FP News Desk)
