သက်တံ့
၂. ၇. ၂၀၂၆
မှောင်မည်းပြီး လူသူမနီးတဲ့ တောနက်ကြီးတစ်ခုထဲမှာ ကားတစ်စီး ရပ်ထားပြီး ကားထဲမှာတော့ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသလို မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်တစ်ဦး ရှိနေပါတယ်။ ဘယ်သူမှ မသိနိုင်တဲ့၊ မမြင်နိုင်တဲ့ ဒီလိုနေရာမျိုးမှာ သေကြောင်းကြံစည်ဖို့ ရှိနေတဲ့ သူမကို သေမင်းလက်ကနေ အချိန်မီ ဆွဲလုနိုင်ခဲ့တာကတော့ ဖုန်းမက်ဆေ့ခ်ျတစ်ခုကနေ ရောက်လာတဲ့ လျှို့ဝှက်ဆန်းကြယ် GPS တည်နေရာတစ်ခုပဲ ဖြစ်ပါတယ်။
အခုလက်ရှိ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းအစားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နေတဲ့ ဒီဖြစ်ရပ်ဆန်းကတော့ ရာယောင်း (Rayong) ပြည်နယ်၊ ပလုအတ်ဒန်း (Pluak Daeng) ခရိုင်ထဲက တောနက်တစ်ခုမှာ ဖြစ်ပွားခဲ့တာလို့ ထိုင်းသတင်းဌာန Khaosod English က ဒီဇူလိုင် ၂ ရက် မနက်မှာ ဖော်ပြလာတာပါ။
◾ အစပျောက်ခြင်းနှင့် သောကညများ
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁ ရက်) ညနေပိုင်းက စတင်ခဲ့တာပါ။ ချွန်ဘူရီပြည်နယ်၊ သီရတ်ချာခရိုင်က အိမ်တစ်အိမ်မှာ စိတ်ကျရောဂါဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ ဆီဒန်ကားလေးကို မောင်းပြီး အိမ်ကနေ ရုတ်တရက် ထွက်ခွာသွားခဲ့ပါတယ်။ ဘယ်ဦးတည်ရာကို သွားမှန်းမသိ၊ ဖုန်းလည်း ဆက်သွယ်လို့မရတဲ့အဆုံးမှာတော့ စိုးရိမ်တကြီးဖြစ်နေတဲ့ မိသားစုဝင်တွေဟာ လူမှုကွန်ရက် (Social Media) ပေါ်မှာ အကူအညီတောင်းခံတဲ့ စာတွေကို အသည်းအသန် လွှင့်တင်ခဲ့ကြရပါတယ်။
အချိန်တွေ ကုန်ဆုံးသွားပေမယ့် ဘာသတင်းအစအနမှ မရရှိခဲ့ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါးအချိန်မှာပဲ မိသားစုဝင်တွေဆီကို ထူးဆန်းတဲ့ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့ပါတယ်။
အမည်မသိ အမျိုးသမီးတစ်ယောက်ဆီက ပေးပို့လာတဲ့ အဆိုပါမက်ဆေ့ခ်ျထဲမှာတော့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးဟာ ပလုအတ်ဒန်းခရိုင်၊ မပ်ယန်းဖွန်းတိုက်နယ်၊ မူး ၇ ရှိ လူသူအရောက်အပေါက်မရှိတဲ့ တောအုပ်ကြီးထဲကို မောင်းဝင်သွားတာကို သူမ မြင်တွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။ ဒါတင်မကဘဲ အမှောင်ထုကြီးစိုးနေတဲ့ အဲဒီတောနက်ကြီးထဲက တိကျလွန်းတဲ့ GPS ကိုဩဒိနိတ် (Coordinates) ကိုပါ ပူးတွဲပေးပို့ခဲ့တာပါ။
မိသားစုဝင်တွေဟာ ဝေခွဲမရဖြစ်သွားပေမယ့် အသက်လုနေရတဲ့ အခြေအနေမို့ ပလုအတ်ဒန်း ကယ်ဆယ်ရေးအဖွဲ့ထံ ချက်ချင်းအကြောင်းကြားပြီး အဆိုပါတည်နေရာနောက်ကို လိုက်လံရှာဖွေခဲ့ကြပါတယ်။
◾ သေမင်းတံခါးဝက ကယ်တင်ခြင်း
ကယ်ဆယ်ရေးအဖွဲ့တွေ တည်နေရာအတိုင်း ရောက်ရှိသွားချိန်မှာတော့ မြင်ကွင်းက ကျောချမ်းစရာ ကောင်းလှပါတယ်။ နေအိမ်တွေနဲ့ မိုင်ပေါင်းများစွာဝေးကွာပြီး လုံးဝမှောင်မည်းနေတဲ့ တောနက်ကြီးရဲ့ အလယ်ခေါင်မှာ ကားလေးက ငြိမ်သက်စွာ ရပ်တန့်နေပါတယ်။
ကားတံခါးကို ဖွင့်လိုက်ချိန်မှာတော့ တာဝန်ရှိသူတွေရဲ့ အပြောအရ အမျိုးသမီးငယ်ဟာ မိမိကိုယ်ကိုယ် အသက်ရန်ရှာဖို့ အဆုံးစီရင်ခြင်း အဆင့်အချို့ကို လုပ်ဆောင်ပြီးနေပြီဖြစ်ကာ အချိန်အနည်းငယ်သာ နောက်ကျခဲ့ရင် အသက်အန္တရာယ်စိုးရိမ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ကံကောင်းထောက်မစွာပဲ အရေးပေါ်အဖွဲ့က သူမကို ကားထဲကနေ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပလုအတ်ဒန်းဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
◾ လူမှုကွန်ရက်ကို လှုပ်ခတ်သွားစေတဲ့ မေးခွန်းများ
အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့လို့ ဝမ်းသာစရာ ဖြစ်ခဲ့ရပေမယ့်၊ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ပဟေဠိကတော့ လူတိုင်းကို အတွေးနက်စေခဲ့ပါတယ်။ ထိုင်းလူမှုကွန်ရက်ပေါ်မှာ အခုလို မေးခွန်းထုတ်မှုတွေ တရစပ် ထွက်ပေါ်နေပါတယ်။
အမှောင်ထုကြီးစိုးပြီး လမ်းမရှိတဲ့ တောနက်ထဲကို ကားမောင်းဝင်သွားတာကို အဲဒီ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးက ဘယ်လိုလုပ် မြင်နိုင်ခဲ့တာလဲ?
ဖုန်းလိုင်းတောင် မိဖို့ခဲယဉ်းတဲ့ နေရာမျိုးရဲ့ တိကျလွန်းတဲ့ GPS ကိုဩဒိနိတ်တွေကို သူမ ဘယ်လိုနည်းနဲ့ ရရှိခဲ့တာလဲ?
အချို့ကလည်း ဒါဟာ တစ်စုံတစ်ယောက်က ကူညီချင်လို့ ကိုယ်ယောင်ဖျောက် သတင်းပေးတာဖြစ်နိုင်တယ်လို့ ယူဆကြသလို၊ အချို့ကတော့ သဘာဝလွန် ဖြစ်ရပ်တစ်ခုလိုမျိုးအထိ ထင်ကြေးပေး ငြင်းခုံနေကြပါတယ်။
သေချာတာတစ်ခုကတော့ အဆိုပါ “လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး” သာ ပေါ်မလာခဲ့ရင် အဲဒီနေ့ညဟာ စိတ်ကျရောဂါခံစားနေရတဲ့ အမျိုးသမီးငယ်တစ်ဦး တောနက်ထဲမှာ အသက်ပျောက်သွားပြီးမှ အချိန်လွန်မှ ရှာဖွေတွေ့ရှိရမယ့် စိတ်မကောင်းစရာ အနိဋ္ဌာရုံတစ်ခုနဲသာ အဆုံးသတ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။
Ref: Khaosod English


