◾ စားအုန်းဆီတစ်ပိဿာလျှင် ဈေးကွက်ပေါက်ဈေး ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးဝယ်နေရခြင်းသည် ဝိသမလောဘသားများကြောင့်ဖြစ်၍ စိစစ်မှု ပြုလုပ်နေ
၁၁.၇.၂၀၂၆
Written by Linn Eain
နိုင်ငံတော်အနေဖြင့် စားအုန်းဆီဖူလုံရေး အလေးထားဆောင်ရွက်နေပြီး စားအုန်းဆီလိုအပ်ချက် မပြတ်စေရေးနှင့် စျေးကွက်တည်ငြိမ်ရေး နိုင်ငံခြားငွေအခြေအနေကို ချင့်ချိန်၍ ဆက်တိုက်တင်သွင်းနေကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဇူလိုင် ၁၁ ရက်တွင် စားအုန်းဆီတင်သွင်း သုံးစွဲမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် လက်တလော ပြည်သူများ စားအုန်းဆီတစ်ပိဿာလျှင် ဈေးကွက်ပေါက်ဈေး ၁၈,၀၀၀. မှ ၂၀,၀၀၀ ကြား ပေးဝယ်နေရခြင်းသည် ဝိသမလောဘသားများကြောင့်ဖြစ်ပြီး ယင်းနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက “နိုင်ငံတော်က ဒီစားအုန်းဆီဖူလုံရေးကို အလေးထားဆောင်ရွက်နေပါတယ်။ အခုလက်ရှိ ပြည်သူတွေရဲ့ ဒီစားအုန်းဆီ လိုအပ်ချက် မပြတ်လတ်စေဖို့နဲ့ ဈေးကွက်တည်ငြိမ်နေဖို့ နိုင်ငံတော်က နိုင်ငံခြားငွေ အခြေအနေကို ချင့်ချိန်ပြီးတော့မှ စားအုန်းဆီတွေကို ဆက်တိုက် တင်သွင်းပေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် အပါဝင် မြို့ကြီးတွေမှာဆိုရင် လုံလောက်စွာ ရရှိဖို့ကိုလည်း အလေးထားဆောင်ရွက်နေပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လက်ရှိတွင် နိုင်ငံတော်မှ သက်သာသည့်စျေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူးပေးနေသော်လည်း အချို့ပြည်သူများအနေဖြင့် စျေးနှုန်းအမြင့်ပေးဝယ်နေရပြီး ပြည်သူများမနစ်နာရအောင် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“လက်ရှိမှာတော့ နိုင်ငံတော်က သက်သာတဲ့ ဈေးနှုန်းနဲ့ စားအုန်းဆီတွေ ဖြန့်ဖြူးပေးနေပေမဲ့ အချို့ ပြည်သူတွေကတော့ ဈေးကွက်ထဲမှာ ဈေးနှုန်းအမြင့် ပေးဝယ်နေရတာတွေ ရှိနေပါတယ်။ နိုင်ငံတော်က ဆီတစ်ပိဿာကို ၇,၀၀၀ နဲ့ ၉,၀၀၀ ကြား ဒီနှုန်းနဲ့ ရောင်းပေးနေပေမဲ့ စာအုပ်နဲ့မဟုတ်တဲ့ ပြည်သူတွေရဲ့ လက်ထဲကို ရောက်တဲ့အချိန်မှာတော့ စားအုန်းဆီ တစ်ပိဿာက ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား ဖြစ်နေတာ ဒါ ဝိသမလောဘသားတွေကြောင့်မို့ပါပဲ။ ဒါကြောင့် ပြည်သူတွေ မနစ်နာရအောင် ဒါနဲ့ပတ်သက်ပြီးတော့လည်း စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း ပြောကြားလိုပါတယ်” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ပြည်သူများ၏ စားအုန်းဆီလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် နိုင်ငံတော်က တစ်လလျှင် စားအုန်းဆီ တန်ချိန် ၅ သောင်းကျော် တင်သွင်းရပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၅၀ ဖြင့် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် အကုန်ကျခံ ဆောင်ရွက်ပေးနေကြောင်း၊ တင်သွင်းလာသည့် စားအုန်းဆီများကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ဖြန့်ဖြူးပေးနေပြီး စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်ရှိသည့် ပြည်သူများသက်သာသည့် ဈေးနှုန်းဖြင့်ဝယ်ယူနိုင်အောင် စီစဉ်ပေးထားကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး စားသုံးမှု လိုအပ်ချက်မြင့်မားမှုကြောင့် အခြားဒေသများထက် ခွဲတမ်းပိုမိုချထားပေးထားကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ဆက်လက်ရှင်းလင်းပြောကြားထားသည်။
WHO ၏ အကြံပြုချက်အရ လူတစ်ဦးလျှင် တစ်နှစ် ၆ ဒသမ ၅ ပိဿာခန့်သာ စားသုံးသင့်သော်လည်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် တစ်နှစ်ပျမ်းမျှ ၁၁ ပိဿာ စားသုံးနေသည်ကို တွေ့ရှိရပြီး လိုအပ်သည့် ပမာဏထက်များစွာ ကျော်လွန်ပြီး စားသုံးနေခြင်းဖြစ်ကြောင်း၊ စားအုန်းဆီစားသုံးမှု များပြားလာသည့်အတွက်ကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုလည်း များပြားလာသဖြင့် ဒီနိုင်ငံခြားငွေ ရရှိမှုပေါ် မူတည်ပြီး ချင့်ချိန်ဆောင်ရွက်ရသည်ကြောင့် စားအုန်းဆီကိုတာ လျှော့ချမှုများလည်း ဖြစ်လာရကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ၏ ရှင်းလင်းပြောကြားချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ရေရှည်တွင် ပြည်ပတင်သွင်းမှုများ မှီခိုနေရခြင်းကိုလျှော့ချရန်အတွက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးမှုတိုးချဲ့ရေး၊ အထွက်နှုန်းမြှင့်တင်ရေးနှင့် ဆီစက်များနှင့် ဆက်စပ်ပစ္စည်းများကို နိုင်ငံခြားမှဦးစားပေးတင်သွင်းနိုင်ရေးကိုလည်း အလေးထား လမ်းညွှန်ပေးနေကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်လာလျှင် ပြည်တွင်းစားသုံးဆီ ဖူလုံမှု မြင့်မားလာမည်ဖြစ်သလို နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ရှင်းလင်းပြောကြားခဲ့သည်။
