သတိုး
၁၁.၇. ၂၀၂၆
နိုင်ငံတော်သမ္မတရုံးရဲ့ ရက် (၁၀၀) စီမံချက်တွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသလို လက်ရှိအချိန်အထိ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက် (၉) ခုအနက် ပြီးစီးမှု ၈၀ ဒသမ ၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၁၉ ဒသမ ၈၀ ရာခိုင်နှုန်းရှိပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ စီမံချက် (၂) ခုအနက် ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၇၂ ရာခိုင်နှုန်းရှိပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်တွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းကတော့ မြန်မာ့ပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ စီမံချက်တွေကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီး ဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့တော့ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးခြင်းနဲ့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ ထုတ်ချေးခြင်းတို့ကို လျာထားချက်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ရက် (၁၀၀) အတွင်း ပြီးမြောက်အောင် ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။
လယ်ယာသုံးစက်ကိရိယာချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ်ခွဲတွေက တင်ပြလာတဲ့ ချေးငွေအဆိုပြုလွှာတွေကို စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို ချေးငွေတွေ ဆက်လက်ထုတ်ချေးပေးလျက်ရှိပါတယ်။
“ရက် (၁၀၀) စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ စီမံချက်တွေကို အချိန်မီ ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့ ဒေါက်တာခိုင်ခိုင်စိုးက ဆိုပါတယ်။
အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်မှာ ပညာရေးကဏ္ဍကို ဦးစားပေးလုပ်ဆောင်ခဲ့သလို စီမံကိန်းအများစုဟာ ရာနှုန်းပြည့်နီးပါးပြီးစီးမှုရှိနေတယ်လို့လည်း ဒေါက်တာခိုင်ခိုင်စိုးက ပြောခဲ့ပါတယ်။

