၁၁.၇.၂၀၂၆
Written by Linn Eain
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် လမစေ့သေးသည့် ရင်ချင်းဆက်အမြွှာ ကလေးငယ်နှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာနေ အသက် ၃၂ အရွယ်ရှိသည့် ကိုယ်ဝန်ဆောင်မိခင် ဒေါ်ပပလှိုင်သည် သားဦးအမြွှာကိုယ်ဝန်ဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်စောင့်ရှောက်မှုခံယူခဲ့ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂) ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ (ဇူလိုင် ၄ ရက်) ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type) ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များသည် လမစေ့မီမွေးဖွားပြီး ရင်ချင်းဆက်အမြွှာ ကလေးများဖြစ်သဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး မွေးကင်းစကလေး အထူးကြပ်မတ်ဌာန၌ ထားရှိကာ လိုအပ်သောကုသမှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းနောက် ဇူလိုင် ၈ ရက်တွင် ခုတင်-၅၅၀ ဆံ့ ရန်ကင်းကလေးဆေးရုံကြီး(ရန်ကုန်)သို့ လွှဲပြောင်းကာ မွေးကင်းစ အထူးကြပ်မတ်ကုသဌာနတွင် ဆက်လက် ပြုစုကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုရင်ချင်းဆက်အမြွှာကလေးငယ်နှစ်ဦး လိုအပ်သော ဆေးကုသမှုများဆောင်ရွက်ရန်နှင့် ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးဦးဆောင်၍ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ခုတင်-၅၅၀ ဆံ့ ရန်ကင်းကလေးဆေးရုံကြီးတို့မှ ဘာသာရပ်ဆိုင်ရာပညာရှင်များပါဝင်သော ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကုသမှုများဆက်လက် ဆောင်ရွက်ပေးလျက်ရှိကာ ကလေးများ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
