သတိုး
၁၁. ၇. ၂၀၂၆
ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပြင်ဦးလွင်လေဆိပ်ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်သည်။
အဆိုပါ လေဆိပ်ဖွင့်လှစ်ခြင်းသည် အစိုးရ၏ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော်မှုများအနက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နှင့် ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ပြင်ဦးလွင်ဒေသနှင့် ရှမ်းရိုးမဒေသတို့ကို ခရီးသွားလုပ်ငန်းကွန်ရက်ဖြင့် ပိုမိုချိတ်ဆက်ပေးနိုင်မည်ဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။
အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ပြင်ဦးလွင်လေဆိပ်သည် တစ်ရက်လျှင် ခရီးသွား (၁,၀၀၀) ခန့် ဝင်ရောက်ထွက်ခွာနိုင်သည့် စွမ်းရည်ဖြင့် တည်ဆောက်ထားပြီး ခရီးသည်များအတွက် နားနေဆောင်များ၊ ဝန်ဆောင်မှုအဆောက်အအုံများနှင့် လေယာဉ်ပြေးလမ်းတို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားသည်။
ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည့်အပြင် ပြင်ဦးလွင်နှင့် ရှမ်းရိုးမဒေသတို့အကြား ခရီးသွားကွန်ရက် ပိုမိုခိုင်မာလာကာ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့လာပြီး ဒေသစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာမည်ဖြစ်သည်။
